Wednesday, July 8, 2015

အသားအမျိုးမျိုး နှင့် ရောဂါအထွေထွေ


အခုတလော ခေတ်စားနေတဲ့ Hot Dog စက်လေးတွေနဲ့ ကင်ပြီး ရောင်းချနေတဲ့ ဝက်အူချောင်း၊ ကြက်အူချောင်းတွေ တရုတ် စားသောက်ဆိုင် တွေမှာ အလွယ်တကူ မှာလို့ရတဲ့ ကြက်သားမွှကြော် တွေကို အဆင့်ဆင့် ပြင်ဆင် ချက်ပြုတ်ရတာ ဖြစ်တဲ့အတွက် ဗက်တီးရီးယား ကင်းစင်မှု ရာခိုင်နှုန်း မြင့်မားပါတယ်။ ဒါကြောင့် လူကို အန္တရာယ် ဖြစ်နိုင်ခြေ နည်းပါတယ်။ ဒါပေမဲ့ အဲဒီလို အဆင့်ဆင့် ပြင်ဆင် ချက်ပြုတ်တဲ့ အခါ အသုံးပြုရတဲ့ အနံ့ ၊ အရသာ ပါဝင်ပစ္စည်း တွေကြောင့် အဲဒီ အစားအစာ တွေဟာ ကာဗို ဟိုက်ဒရိတ် လွန်ကဲ နေတတ်ပြီး လူကို အဆီတိုး စေတယ်ဆိုတာ ဂရုပြုရပါမယ်။

ဝက်သား

ဒုတိယကမ္ဘာစစ် ကာလက အစာရေစာ ရှားပါးတော့ အိမ်မှာ မွေးထားတဲ့ ၀က်အပါအ၀င် တိရစ္ဆာန် များကို အစာရေစာ မကျွေး နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဝက်ဆိုတဲ့ သတ္တဝါကတော့ အခြား အိမ်မွေး တိရစ္ဆာန် တွေရဲ့ မစင်ကိုစားပြီး ရှင်သန် နိုင်တာကို တွေ့ခဲ့ကြပြီး တဲ့နောက် မီးဖိုချောင်ထွက် အညစ်အကြေး တွေရော၊ လူကနေ ထွက်တဲ့ အညစ်အကြေး တွေကိုပါ ပေါင်းပြီး ဝက်တွေကိုကျွေး ၊ အသားတိုး အောင်လုပ်၊ တစ်ခါ အဲဒီ ဝက်တွေကို အသားပေါ်ပြီး ပြန်စား လုပ်ခဲ့ကြတဲ့ အစဉ်အလာဟာ ဒီနေ့ ဒီအချိန်ထိ ပါပဲ။ အချို့ ဝက်မွေးသူ တွေက အိမ်တကာက မီးဖိုချောင်တွေ ကနေ စွန့်ပစ်ထားတဲ့ ထမင်း၊ ဟင်း အကျန်တွေကို ပေါင်းပြီး ဝက်တွေကို ကျွေးမွေး နေကြဆဲ ဖြစ်ပါတယ်။ ဒီတော့ ဝက်သားဟာလဲ တုတ်ကောင်တွေ ပါတယ်၊ လူကို ဝစေတယ်၊ မသန့်ရှင်းတဲ့ အစားအစာ တွေကိုစားပြီး အသားတိုး လာတယ် အစရှိသဖြင့် နာမည်ဆိုးနဲ့ ကျော်ကြား တော့တာပဲပေါ့။ ဒါပေမဲ့ ဝက်သားကို ကောင်းကောင်း ကျက်အောင် ချက်မယ်ဆိုရင် လူကို အန္တရာယ် ဖြစ်နိုင်ခြေ အလယ်အလတ် အဆင့်ပဲ ရှိပါတယ်။

အအေးခံထားသောအသားများ

အသားတွေကို အအေးခံ လိုက်မယ် ဆိုရင် မချက်ခင်မှာ အဲဒီအသားခဲ နေတာကို သဘာဝ အတိုင်း အရည်ပျော်အောင် လုပ်ဖို့ အရေးကြီး ပါတယ်။ အိမ်ရှင်မ အများစုဟာ ရေခဲသေတ္တာ ထဲက အေးခဲမာတောင့် နေတဲ့အသားကို ရေနွေးပွက်ပွက် ဆူထဲ ပစ်ထည့်တတ်ကြ ပါတယ်။ အဲဒါဟာ အသားထဲမှာ ပါတဲ့ လစ်စတီးရီးယား ပိုးကို မသေစေ နိုင်ဘူးလို့ ပညာရှင်တွေက သတိပေးထား ပါတယ်။ လစ်စတီးရီးယား ပိုးကြောင့် ဝမ်းကိုက်၊ ဝမ်းလျှော၊ အော့အန်ခြင်း ပြင်းထန်စွာ ဖြစ်စေနိုင်ပြီး အရပ်အခေါ် အစာ အဆိပ်သင့် တဲ့ ဝေဒနာကို ခံစားရပါတယ်။ အခန့်မသင့်ရင် အသက် ဆုံးရှုံးနိုင်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ သားပျက်၊ သားလျှော နိုင်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ကောင်းမွန်တဲ့ သာမန် လူငယ်တွေက လစ်စတီးရီးယား နည်းနည်း ပါလာတာ လောက်ကို ခြေဖျက်နိုင်စွမ်း ရှိတဲ့အတွက် အအေးခံ အသားတွေရဲ့ လူအား အန္တရာယ် ဖြစ်စေနိုင်ခြေကို အလယ်အလတ် အဆင့်လို့ပဲ သတ်မှတ်ထား ပါတယ်။

အသားခြောက်များ

လူကို အန္တရာယ် ဖြစ်စေနိုင်ခြေ မြင့်မားပါတယ်။ သာမန် အသားတွေမှာ ဗက်တီးရီးယား က အပေါ်ယံလွှာ မှာပဲရှိတဲ့ အတွက် ချက်ပြုတ် လိုက်တဲ့အခါ ဒီပိုးတွေ သေသွားပါတယ်။ အသားခြောက်တွေ ကိုကျတော့ ထုပ်ပိုးရ လွယ်အောင်၊ အမြင်လှအောင် အချောင်းလိုက် လှီးတာ ၊ အပြားလိုက် လှီးတာ လုပ်ရပါတယ်။ အဲဒီလို လှီးတဲ့အခါ အသား မျက်နှာပြင်ပေါ်က ဗက်တီးရီးယား တွေကို အသားရဲ့ အလယ်ခေါင်ထဲ နစ်ဝင် သွားအောင် ဓားသွားက တွန်းပို့ပေး ပါတယ်။ ဒါကို မကျက်တကျက် ကင်တာတို့၊ ချက်ပြုတ် စားသောက်တဲ့ အခါမှာ ပွက်ပွက် ဆူအောင် မပြုတ်ဘဲ ဒီအတိုင်း ချက်လိုက်တာတို့ လုပ်မယ်ဆိုရင် လစ်စတီးရီးယား ဗက်တီးရီးယား တွေကို လက်နဲ့ခပ်ယူပြီး မျိုချနေတဲ့ အတိုင်း ဖြစ်နေမှာပါ။

ကြက်သား

လူကို အန္တရာယ် ဖြစ်စေနိုင်ခြေ အမြင့်ဆုံး ဖြစ်ပါတယ်။ ကြက်သားက ဘာဖြစ်လို့ လူကို အန္တရာယ် ဖြစ်စေနိုင်ခြေ အမြင့်ဆုံးလဲ လို့ မေးလာမယ် ဆိုရင်တော့ လူတွေစားတာ အများဆုံး ဖြစ်လို့ပါ။ ဝက်၊ အမဲ အစရှိတာ တွေကို လူတိုင်း မစားကြ ပေမယ့် ကြက်သားကိုတော့ လူတိုင်း စားပါတယ်။ ဒါကြောင့် မသန့်ရှင်းတဲ့ ကြက်သားဟာ လူကို အန္တရာယ် ဖြစ်စေနိုင်ခြေ အမြင့်ဆုံးပဲ ဖြစ်ပါတယ်။ ဒါ့ပြင် ကြက်ကို အမွေးနုတ်တဲ့ အချိန်က စပြီး သင့်ဟင်းအိုးထဲ စထည့်တဲ့ အထိ ရေအမျိုးမျိုး၊ လက်အမျိုးမျိုး၊ မျက်နှာပြင် အမျိုးမျိုး၊ ထုပ်ပိုးမှု အမျိုးမျိုးနဲ့ ရောက်လာတာမို့ ကြက်သားမှာ ဗက်တီးရီးယား တွေက ဆိုးရွားစွာ ပျံ့နှံ့ နေပါတယ်။ ဒါ့ပြင် ကြက်သားဟာ နူးညံ့ပြီး အသားမှာ အမြှောင်းတွေ ပါပါတယ်။ လစ်စတီးရီးယား ဟာ အဲဒီ အမြှောင်း တွေထဲမှာ ဝင်နေပြီး ကြက်သားကလဲ နူးတာမြန်တော့ အကြိမ် ၁ဝဝ မှာ ၁ဝ ဒသမ ၅ ကြိမ်ကတော့ လစ်စတီးရီးယား ပါတဲ့ ကြက်သားကို လူတွေ စားနေကြတာ ဖြစ်ပါတယ်။

ဒီတော့ ဘယ်လို လုပ်ကြမလဲ။ မိသားစု တစ်စုလုံးရဲ့ ကျန်းမာရေးဟာ ဈေးဝယ်သူရဲ့ လက်ထဲမှာ ရှိပါတယ်။ ကိုယ်က အသားကို အလကား ယူတာမဟုတ်ဘူး။ ပိုက်ဆံပေးပြီး ဝယ်တာပါ။ ဒီတော့ စိတ်ကြိုက် ရွေးပါ။ အသားကို ထုပ်ထားတာ အရည်တွေ အများကြီး ထွက်နေရင် မဝယ်ပါနဲ့။ အသား ထည့်ထားတဲ့ ပုံးကို ငုံ့ကြည့်ပါ။ ခြောက်သွေ့နေရင် အဲဒီအသား လတ်ပါတယ်။ အရိအရွဲတွေ ထွက်နေတယ် ဆိုရင် အဲဒီအသားဟာ ရက်ကြာ နေပါပြီ။

အသားကို မဆေးပါနဲ့လို့  အမေရိကန် ပြည်ထောင်စု အစားအစာနှင့် အဖျော်ယမကာ ကြီးကြပ် ကွပ်ကဲရေး အဖွဲ့က ဆိုပါတယ်။ အသားကို ရေဆေးတာ ဘယ် ဗက်တီးရီးယား ကိုမှ မသေစေတဲ့ အပြင် တစ်နေရာထဲ
စုနေတဲ့ ဗက်တီးရီးယား ကို ကိုယ်က အသားအနှံ့ ရောက်အောင် ပွတ်ဖြန့် ပေးရာ ရောက်ပြီး ကိုယ့်လက်၊ အဝတ်အစား၊ လက်ဆေးကန် အစရှိတဲ့ နေရာတွေကိုလဲ ဗက်တီးရီးယား တွေ ပျံ့နှံ့ သွားစေတယ်လို့ ဆိုပါတယ်။

သင့်လက်၊ စဉ်းတီတုံး၊ ဟင်းပြင်ဆင်တဲ့ စားပွဲ အစရှိတာ တွေကို မကြာမကြာ အထူး သန့်ရှင်းရေး လုပ်ပေးပါ။ ရေနွေးပူပူနဲ့ ဆပ်ပြာရည် ဖျော်ပြီးဆေးဖို့ လိုအပ် ပါလိမ့်မယ်။ လက်နှီး သုံးတယ်ဆိုရင် ရေနွေးပူ ဆပ်ပြာရည်နဲ့ နေ့တိုင်းလျှော်ပါ။ အသားကို မကျက်တကျက် ဘယ်တော့မှ မစားပါနဲ့။ သင့်ဟင်းအိုးဟာ အပူချိန်ကို ဖော်ပြတဲ့စနစ် ရှိတယ်ဆိုရင် ၁၆ဝ ဒီဂရီ ဖာရင်ဟိုက် ရောက်တဲ့အထိ အပူပေး ရပါမယ်။ အသား အမျိုးမျိုး ကနေ လူကိုဖြစ်ပွား စေနိုင်တဲ့ ရောဂါ အထွေထွေ အကြောင်း လေ့လာရေးသား တင်ပြ လိုက်ရပါတယ်။

Yadanarpondaily
http://myawady-myawady.blogspot.com

ကူဝိတ်ဗုံးခွဲမှု သံသယရှိသူ သုံးဦးကို ဆော်ဒီဖမ်းဆီး



ကူဝိတ်နိုင်ငံမှာ လူ ၂၇ ဦးသေဆုံးသွားခဲ့ရတဲ့ အရင်လက ဗလီကို အသေခံဗုံးခွဲ တိုက်ခိုက်မှုနဲ့ ပတ်သတ်တယ်ဆိုပြီး မသင်္ကာဖွယ် ညီအကို ၃ ယောက်ကို အာဏာပိုင်တွေ ဖမ်းဆီးလိုက်တယ်လို့ ဆော်ဒီအာရေဗီးယား အစိုးရက ပြောပါတယ်။

ကူဝိတ်စီတီးမြို့ တိုက်ခိုက်မှုကို သူတို့လုပ်ဆောင်တာပါလို့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေက ပြောပြီး အဲဒီမတိုင်ခင်က မေလမှာ ဖြစ်တဲ့ ဆော်ဒီအာရေးဗီးယားက ရှီယာဗလီ ၂ ခုက အလားတူ တိုက်ခိုက်မှုတွေကိုလည်း သူတို့တွေပဲလုပ်တာလို့ IS က ဆိုပါတယ်။

ဖမ်းမိသူတွေထဲမှာ တယောက်ကို ကူဝိတ်မှာ ဖမ်းမိတာဖြစ်ပြီး နောက်တဦးကိုတော့ ဆော်ဒီတောင်ပိုင်းက Taif မြို့မှာလို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောတာကို ဆော်ဒီအစိုးရ သတင်းမှာ ဖော်ပြပါတယ်။ နောက်ဆုံးတဦးကိုတော့ Saidi နဲ့ Kuwait နိုင်ငံနယ်စပ်နားမှာ ဆော်ဒီလုံခြုံရေး ၂ ဦး ဒဏ်ရာရသွားရတဲ့ ပစ်ခတ်မှုဖြစ်ပြီး ဖမ်းဆီးမိတာပါ။

သူတို့ ညီအကိုတွေထဲက နောက် ၄ ဦးမြောက် တယောက်ကတော့ Syria မှာ IS တွေနဲ့ သွားတိုက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကပဲ ပြောပါတယ်။ ရှီယာမူဆလင်တွေဟာ ဒိဌိတွေလို့ ဆွန်နှီမူဆလင် အစွန်းရောက် IS အဖွဲ့က ယူဆပြီး ဒေသတလွှားမှာ သူတို့ကို ပစ်မှတ်ထားပြီး လိုက်တိုက်လိုက်နေတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မိုးခေါင်ရေရှားမှုကြောင့် ဘန်ကောက်ရေပြတ်နိုင်


ထိုင်းနိုင်ငံမှာ မိုးခေါင်ရေရှားမှုနဲ့ ပင်လယ်ရေမှော်တွေရဲ့ အန္တရာယ်ကြောင့် ခမ်းခြောက်လာတဲ့ ရေအရင်းအမြစ်တွေကို ပြန်လည် ဖြည့်တင်းနိုင်ဖို့ ရွာချိန်တန်ပြီး မရွာတာကြာနေတဲ့ မိုးကို ထိုင်းပြည်သူတွေ စောင့်မျှော်နေကြတာနဲ့အမျှ ဘန်ကောက်မြို့မှာ တလအတွင်း သောက်သုံးရေ ပြတ်သွားနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့  မြို့တော် ရေအရင်းအမြစ် စီမံခန့်ခွဲရေးဌာန အကြီးအကဲက ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ဆယ်စုနှစ်တစုကျော် ကာလတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုနဲ့ ကြုံနေရတာပါ။ ဘန်ကောက်မြို့တွင်း သောက်သုံးရေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ရေဖြန့်ဝေပေးနေတဲ့ ဆည်တွေထဲမှာ ရေပမာဏ လျော့မသွားအောင် ထိန်းထားနိုင်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ အစိုးရက လယ်သမားတွေကို စပါးမစိုက်ကြဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလထဲက ပြောထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို လုပ်ဆောင်မှုတွေ ရှိတဲ့တိုင်အောင် ကျောက်ဖယားမြစ်ထဲကို စီးဝင်တဲ့ အဓိက ရေလှောင်ကန် သုံးခုမှာ ရေသိသိသာသာ နည်းလာနေပါတယ်။

ကျောက်ဖယားမြစ်ကတော့ ဘန်ကောက်မြို့တွင်း သောက်သုံးရေ အဓိက ဖြန့်ဝေပေးနေတဲ့ နေရာနှစ်ခုထဲက တခုပါ။ တကယ်လို့သာ မိုးမရွာဘူးဆိုရင် ရက်သုံးဆယ်အတွင်း ဘန်ကောက်မြို့မှာ ရေပြတ်သွားလိမ့်မယ်လို့ မြို့တော်တ၀ိုက် ရေအရင်းအမြစ် စီမံခန့်ခွဲရေးဌာန အုပ်ချုပ်ရေးမှူး Thanasak Watanathana က ပြောပါတယ်။ ရေပြတ်သွားနိုင်တာကြောင့် အိမ်တိုင်းမှာ သောက်ရေ ၆၀ လီတာ ကြိုတင် လှောင်ထားကြဖို့နဲ့ ရေကို လျှော့သုံးကြဖို့လည်း ဒီဌာနက မြို့ဒေသခံတွေကို တိုက်တွန်းထားပါတယ်။

ဒါပေမဲ့ လောလောဆယ် အချိန်ထိကတော့ ရေလီတာ ၁ ထောင်ကို ထိုင်းဘတ်ငွေ ၈ ဘတ်ခွဲ ဒေါ်လာနဲ့ဆိုရင် ၂၅ ဆင့်နဲ့ ဈေးပေါပေါ ပေးပြီး ၀ယ်နိုင်နေသေးတာကြောင့် လူတွေက သိပ် အလေးထား မလာကြသေးဘူးလို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဒီဂီယာ မန်ယူနှင့်ပြန်လည်လေ့ကျင့်ခန်းဆင်း

ရီးရဲလ်မက်ဒရစ်အသင်း နှင့် ပူးပေါင်းမည်ဟူသော သတင်းများ ထွက်ပေါ်နေသော်လည်း မန် ယူဂိုးသမား ဒီဂီယာသည် အသင်း နှင့် လေ့ကျင့်ခန်းဆင်းရန် မန်ယူ သို့ ပြန်လည်ရောက်လာသည်။
ဒီဂီယာ (၂၄) နှစ်၏ အ ပြောင်းအရွှေ့ကိစ္စကို   နှစ်ဖက် အသင်းကြား သဘောမတူခဲ့၍ ဒီဂီယာသည် မန်ယူ၏ ကာရင်တန် လေ့ကျင့်ရေးကွင်းတွင် အခြား မန်ယူအသင်းသားများနှင့်အတူ လေ့ကျင့်ရန် မျှော်လင့်ထားသည်။
‘‘ရီးရဲလ်မက်ဒရစ်ဟုတ် လား။ ကျွန်တော်ရာသီအကြိုလေ့ ကျင့်ရေးအတွက် မန်ချက်စတာ ကို ပြန်သွားရမယ်’’ဟု ဒီဂီယာက
စပိန်ရုပ်သံ Cuatro အား ပြော သည်။ရီးရဲလ်သို့ အပြောင်းအရွှေ့ ကိစ္စမေးမြန်းချိန်တွင်လည်း ဒီဂီ ယာက ‘‘ကျွန်တော်အေးဆေးပါ ပဲ’’ဟု ပြန်လည်ဖြေကြားသည်။
မန်ယူဂိုးသမားသည် မွေးရပ်မြို့တွင် သွားရောက်အနားယူနေ ပြီး မန်ယူအသင်းက တစ်ပတ် လုပ်ခ ပေါင် နှစ်သိန်းအထိ လစာ တိုးမြှင့်ကမ်းလှမ်းမှုကို မတုံ့ပြန်ခဲ့ ပေ။မန်ယူမန်နေဂျာ ဗန်ဂါးလ်က ရီးရဲလ်အသင်းအနေဖြင့် ရာမို့စ် ကို ပြန်ရောင်းမှသာ ဒီဂီယာကို လက်လွှတ်မည်ဟု ဆိုပြီး ဒီဂီယာ အတွက် မန်ယူက စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၃၃ သန်း ခန့် အလိုရှိနေသည်ဟု ဆိုသည်။

—Ref:ESPN/Daily Mail

ပြည်နယ်နှင့် တိုင်းခုနစ်ခုတွင် နေရာကွက် မိုးကြီးမည်

ဘင်္ဂလားပင်လယ်အော် တွင် မုတ်သုံလေအားအလွန် ကောင်းလာသောကြောင့် ရေ ဘေးရင်ဆိုင်ခဲ့ရသည့် ဒေသများ အပါအ၀င် ပြည်နယ်နှင့် တိုင်း ဒေသကြီး ခုနစ်ခု၌ တစ်ပတ်ခန့် ကြာအောင် နေရာကွက်၍ မိုးကြီး နိုင်သည်ဟု မိုးလေ၀သနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဇူလိုင် ၁၆ မှ ၁၄ ရက်အတွင်းဇွနလကုန်ခန့်က ရေဘေးအဆိုး ရွားဆုံးရင်ဆိုင်ခဲ့ရသည့် ရခိုင်ပြည်နယ်အပြင် ရှမ်း၊ ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူး တိုင်း၊ တနင်္သာရီတိုင်းဒေသကြီး တို့တွင် နေရာကွက်၍ မိုးကြီးမည် ဟု သတင်းထုတ်ပြန်ထားခြင်းဖြစ် သည်။
‘‘မုတ်သုံလေက နေ့စဉ်အား ပို ကောင်းလာတယ်။ ကမ်းရိုးတန်း ဒေသတွေလည်း လေပြင်းသတိ ပေးချက်ထုတ်ထားတယ်’’ဟု မိုး လေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းကပြောသည်။လက်ရှိတွင် ရခိုင်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ကမ်းရိုးတန်းဒေသများတွင် မိုးရောလေပါ ပြင်းထန်နေပြီး ဒေသအချို့ရေလွှမ်းမိုးမှု စတင်ရင်ဆိုင်နေရသည်ဟု ဒေသခံများထံမှ သတင်းရရှိသည်။ ကချင်ပြည်နယ်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းနေ၍ ဖားကန့်မြို့ရပ် ကွက်လေးခုနှင့် အနီးဝန်း ကျင်ကျေးရွာ များမှာ ငါးပေခန့်အထိ ရေနစ်မြုပ်နေသည်ဟု ကချင်ပြည်နယ်အစိုး ရအဖွဲ့မှ သတင်းရရှိသည်။
မြစ်ရေသတိပေးချက်မှာ ဇူ လိုင် ၆ ရက် ညနေတိုင်းတာချက် များအရ ဧရာဝတီမြစ်ရေသည်မြစ်ကြီးနားမြို့တွင် နှစ်ပေခန့် မြင့်တက်ခဲ့ပြီး ချင်းတွင်းမြစ်ရေ သည်  ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝနှင့် မုံရွာမြို့တို့တွင် နှစ်ပေခန့်တက်ခဲ့သည်ဟု ဦးလှထွန်း က ပြောသည်။
မြန်မာ့ကမ်းရိုးတန်းဒေသ များတွင် တစ်နာရီလေတိုက်နှုန်း သည် ၃၅ မိုင်မှ မိုင် ၄၀ ခန့် အထိတိုက်ခတ်နိုင်ပြီး နေရာ ကွက်ပြီး မိုးကြီးခြင်း၊ မိုးသက်လေပြင်းကျ ရောက်ခြင်း၊ ပင်လယ်ပြင်တွင် ရာသီဥတုအခြေအနေဆိုးရွား တတ်ခြင်းတို့ကို သတိထားသင့် သည်ဟု ဦးလှထွန်းကပြောကြားသည်။

တက္ကသိုလ်ကြိုပို့ယာဉ်နှင့် ကွန်တိန်နာယာဉ် ခေါင်းချင်းဆိုင်တိုက်

သာကေတမြို့နယ်တွင် ဇူလိုင် ၆ ရက်က တက္ကသိုလ် ကြိုပို့ယာဉ်နှင့် ကွန်တိန်နာယာဉ်တို့ ခေါင်းချင်းဆိုင်တိုက်ရာ ယာဉ်နောက်လိုက်တစ်ဦး သေဆုံးပြီး တက္ကသိုလ်ကျောင်းသား၊ကျောင်း သူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
သာကေတမြို့နယ် ရှုခင်း သာမြို့ပတ်လမ်းပေါ်တွင် ဇူလိုင် ၆ ရက် နံနက် ၁၀ နာရီခန့်က ရန် ကုန်အရှေ့ပိုင်း တက္ကသိုလ်သို့ မောင်းနှင်လာသော ကျောင်းကား မှာ  တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိသွားပြီး တစ်ဖက်မှ မောင်းနှင်လာသည့် ကွန်တိန်နာ ယာဉ်နှင့် ခေါင်းချင်းဆိုင် တိုက်မိ ခဲ့ခြင်းဖြစ်ကြောင်း သာကေတမြို့ နယ်ယာဉ်မှုစစ်က ပြောသည်။
 တက္ကသိုလ် ကြိုပို့ယာဉ်မှ ယာဉ်နောက်လိုက်သည် ဒဏ်ရာ ပြင်းထန်သောကြောင့် နေရာတွင် သေဆုံးသွားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ခုနစ်ဦး ဒဏ်ရာပြင်း ထန်၍ ဆေးရုံသို့ ပို့ ဆောင်ခဲ့ရသည်။  ‘‘ယာဉ်ကို အရှိန်ပြင်းပြင်းနဲ့ မောင်းလာတာပါ။ ပြီးတော့ လုပ် နေကျပုံစံပဲ တစ်ဖက်ကို ရောက် သွားတယ်။ လူကို ရှောင်ရှင်း တစ်ဖက်ရောက်သွားတယ်ပြော ပေမယ့် အရှိန်နဲ့ဆိုတော့ အရှေ့ တည့်တည့်က ကားနဲ့ ဝင်တိုက် သွားတာပါ။ ယာဉ်မောင်း အရမ်းမောင်းတာနဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေ အလကား ထိခိုက်တာပေါ့’’ဟု ရှုခင်းသာမြို့ ပတ်လမ်း ရေနံမြေရုံး အနီးတွင် နေထိုင်သူ ဦးစံထွန်းအောင်က ပြောသည်။
လက်ရှိတွင် တက္ကသိုလ် ကြိုပို့ယာဉ်မောင်းကို သာကေတမြို့မစခန်း၌ အမှုဖွင့် အရေးယူထား ကြောင်း ယင်းရဲစခန်းမှတာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

ရန်ကုန်တွင် လေပြင်းမွှေ ကြော်ငြာဆိုင်းဘုတ်ကြီးများ ပြိုလဲ


ဗိုလ်တထောင်မြို့နယ် နှင့် ဆိပ်ကမ်းမြို့နယ်တို့တွင် ဇူလိုင် ၆ ရက် ညနေ ၃ နာရီကျော်အချိန်၌လေပြင်းတိုက်ခတ်မှုကြောင့် ကြော်ငြာဆိုင်းဘုတ်ကြီးများနှင့် သစ်ပင်အချို့ ပြိုလဲခဲ့ကြောင်း သတင်းရရှိသည်။
ဗိုလ်တထောင်မြို့နယ် ဗိုလ် တထောင်ဘုရားလမ်းရှိ ကြော် ငြာဆိုင်းဘုတ် လဲကျမှုကြောင့်ရပ်ထားသည့် ခရီးသည်တင် ယာဉ်တစ်စီးနှင့် မီနီဘတ်စ် ယာဉ်တစ်စီးပျက်စီးခဲ့ပြီး သစ်ပင်ပြိုလဲမှုကြောင့် ဈေးဆိုင်အချို့ ပျက်စီးခဲ့သည်ဟု ဗိုလ်တထောင် မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
‘‘ဆိုင်းဘုတ်အောက်ခြေက နေကျိုးထွက်သွားတယ်။ကားပေါ် မှာတော့လူမရှိတဲ့အတွက် ဘယ် သူမှထိခိုက်ဒဏ်ရာရှိခဲ့တာတော့ မရှိပါဘူး။ လမ်းဘေးမှာဖွင့်ထား တဲ့ ဈေးဆိုင်အချို့တော့ သစ်ပင် တွေကျိုးကျလို့ ပျက်စီးသွားတာ တွေတော့ရှိပါတယ်’’ဟု အဆိုပါ ရဲအရာရှိကပြောသည်။
ဆိပ်ကမ်းမြို့နယ်ရှိကုန်တင် ယာဉ်များ ဖြတ်သန်းသွားလာ သည့် ကမ်းနားလမ်းသစ်တွင် ကြော်ငြာ ဆိုင်းဘုတ်နှစ်ခု ပြိုလဲ ကျခဲ့၍ ဟိုက်ဂျက် ကားတစ်စီး ပျက်စီးခဲ့ပြီး ယာဉ်မောင်းမှာ ထိ ခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း အဆိုပါလမ်း၌ တာဝန်ကျသည့်အရာရှိကပြောသည်။
‘‘ဒီကားမောင်းလာတဲ့ယာဉ် မောင်းရှေ့မှာ ဆိုင်းဘုတ်ကြီးပြို ကျတာကို တွေ့တယ်။ အဲဒါ ကြောင့် ကားကို နောက်ပြန်ဆုတ် တာ နောက်က ဆိုင်းဘုတ်ကကားပေါ်ပြုတ်ကျတာ။ ကံကောင်းတယ်လို့ပြောလို့ရတယ်။ ယာဉ်မောင်းမှာ ဘာဒဏ်ရာမှတော့မရပါဘူး’’ဟု အဆိုပါ ရဲအရာရှိကပြောသည်။
ပြုတ်ကျခဲ့သည့် ကြော်ငြာ ဆိုင်းဘုတ်ကြီးများမှာ အလျား ၄၅ ပေ အနံ ၁၅ ပေ အမြင့် ပေ ၄၀ ရှိသည့်ဆိုင်းဘုတ်များဖြစ်ပြီး လေတိုက်မှုကြောင့် အောက်ခြေ ပိုင်းမှ ပြုတ်ကျွတ်ထွက်ခြင်းဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘အခုပြုတ်ကျနေတာတွေ ဖယ်ဖို့ ကရိန်းကားတွေခေါ်ထား ပါတယ်။ အကုန်လုံးကိုတော့ရှင်း ရမယ်။ သစ်ပင်တွေလဲလို့ ပိတ် နေတဲ့ ရထားလမ်းကအပင်တွေ လည်း ရှင်းနေပါတယ်။ သဘာဝ ဘေးအန္တရာယ်ကြောင့် အခုလို ဖြစ်တာပါ။ ရန်ကုန်မြို့မှာတော့ ပထမဆုံးလို့ပြောလို့ရတယ်’’ ဟု အဆိုပါအရာရှိက ပြောသည်။
            လေပြင်းတိုက်ခတ်မှုနှင့်ပတ်သက်၍ ကမ္ဘာအေး မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနသို့ ဆက် သွယ်မေးမြန်းခဲ့သော်လည်း လေ  တိုက်နှုန်းတိုင်းတာသည့် စက်မှ တိုင်းတာမှု  မရသည့်အတွက် မပြောပြနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။

ဆဲဗင်းဇူလိုင်အထိမ်းအမှတ်သတင်းယူမည့် သတင်းထောက်များအား ကွဲပြားခြားနားသည့် ၀တ်စုံများဝတ်ဆင်ရန် တိုင်းအစိုးရသတိပေး



 ယနေ့ကျင်းပမည့် ဆဲ ဗင်းဇူလိုင်အထိမ်းအမှတ်အခမ်း အနားသို့ တက်ရောက်သတင်းရယူမည့် သတင်းထောက်များအားအထိမ်းအမှတ်ပွဲတက်ရောက်လှုပ် ရှားသူများနှင့် ကွဲပြားခြားနား သည့် သတင်းထောက်ဝတ်စုံများ ၀တ်ဆင်လာရန်၊ ရန်ကုန်တိုင်းဒေ သကြီးအစိုးရက ရန်ကုန်အခြေ စိုက်သတင်းဌာနများထံအ ကြောင်းကြားထားသည်။
ယခင်က ပြည်ထောင်စုနှင့် ဒေသဆိုင်ရာအစိုးရများသည် ၎င်း တို့အစီအစဉ်ဖြင့် ကျင်းပမည့်အ ခမ်းအနားများ၌ သီးသန့်ဝတ်စုံ ၀တ်ဆင်ရန် အကြောင်းကြားမှု များရှိခဲ့သော်လည်း အတိုက်အခံ များဦးဆောင်ကျင်းပသည့်အခမ်း အနားများတွင် သီးသန့်ဝတ်စုံဝတ် ဆင်ရန် အကြောင်းကြားခြင်းမှာ ယခုတစ်ကြိမ်သည် ပထမဆုံးအ ကြိမ်ဖြစ်သည်။
တက္ကသိုလ်ကျောင်းသားသ မဂ္ဂအဆောက်အအုံကို မိုင်းခွဲဖျက် ဆီးခဲ့သည့် ဆဲဗင်းဇူလိုင်အထိမ်း အမှတ်ဖြစ်သော ဆဲဗင်းဇူလိုင်အ ခမ်းအနားတွင် သတင်းရယူမည့် သတင်းထောက်များအား သတင်း ထောက်ကတ်များချိတ်ဆွဲရန် လည်း ရန်ကုန်တိုင်းဒေသကြီးအ စိုးရက ထူးထူးခြားခြားသတိပေး ထားသည်။
အဆိုပါရန်ကုန်တိုငဒေသ ကြီးအစိုးရ၏ သတိပေးမှုကိုပြန် ကြားရေးဝန်ကြီးဌာနအောက်ရှိ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲက တစ်ဆင့် 7Day အပါ အ၀င် ရန်ကုန်အခြေစိုက်သတင်းဌာနများအား ဇူလိုင် ၆ရက် ညနေ ပိုင်းတွင်အကြောင်းကြားခဲ့ပြီး မည်သည့်အကြောင်းကြောင့် တိုက်တွန်းသည်ကိုမူထည့်သွင်းပြောကြားခြင်း မရှိပေ။
အစိုးရဘက်က သတင်းဌာန များအပေါ် ပထမဆုံးအကြိမ်သ တိပေးမှုသည် သတင်းမီဒီယာအ သိုင်းအ၀ိုင်းအတွက် အသစ်အ ဆန်းဖြစ်နေပြီး ခန့်မှန်းပြောကြားမှုအမျိုးမျိုးလည်းပေါ်ထွက်လျက် ရှိသည်။
‘‘ဘာကြောင့် သတိပေးတယ်ဆိုတာ အမျိုးမျိုးကောက်ယူ လို့ရတယ်။ အထိအခိုက်ရှိနိုင် တယ်လို့ သတိပေးချက်လည်းဖြစ်နိုင်တယ်။ သပိတ်မှောက်တဲ့လူတွေနဲ့ ကွဲအောင်နေကြလို့ ပြောချင်တဲ့ သဘောလို့မြင်တယ်’’ဟု ဧရာဝတီသတင်းဂျာနယ်တာဝန်ခံအယ်ဒီတာဦးရဲနည်က ပြော သည်။
ဆဲဗင်းဇူလိုင်ဟုလူသိများ သည့် ၁၉၆၂ ဇူလိုင် ၇ရက်ညက ရန် ကုန်တက္ကသိုလ်ကျောင်းသားသမ ဂ္ဂအဆောက်အအုံဖောက်ခွဲတိုက် ခိုက်ခံခဲ့ရပြီးကျောင်းသားရာချီ သေကျေဖမ်းဆီးခံခဲ့ရသည့်အဆို ပါအဖြစ်အပျက်ဖြစ်ပျက်ခဲ့သော နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပတိုင်းအစိုးရအဆက်ဆက်က ထိန်းချုပ်မှုများပြုလုပ်ခဲ့သည်။
အစိုးရသစ်လက်ထက် ၂၀၁၂အတွင်းက ဆဲဗင်းဇူလိုင် နှစ်(၅၀)ပြည့်အခမ်းအနားကျင်းပ ရန် စီစဉ်နေစဉ် ရန်ကုန်၊ မန္တလေး၊ ရွှေဘိုနှင့် လားရှိုးတို့မှ အထိမ်းအ မှတ်အခမ်းအနားကျင်းပရန်စီစဉ် သည့်ကျေင်းသားနှင့်တက်ကြွ လှုပ်ရှားသူ ၁၇ဦးခန့်ကို အစိုးရ က အခမ်းအနားကျင်းပမည့်နေ့ တွင် နာရီ ၂၀ခန့်ကြာထိန်းသိမ်း ခဲ့ဖူးသည်။
ဧရာဝတီတိုင်းဒေသကြီးပု သိမ်မြို့တွင်လည်း ဆဲဗင်းဇူလိုင် အခမ်းအနားကျင်းပရန်စီစဉ်နေ သည့်ကျောင်းသားခေါင်းဆောင် တစ်ဦးကို ခရိုင်ရဲတပ်ဖွဲ့က ဇူလိုင် ၆ရက် ညနေတွင် တစ်နာရီကျော် ကြာခေါ်ယူမေးမြန်းခဲ့ကြောင်း ကာယကံရှင်ဖြစ်သူက   ပြော သည်။
‘‘ပုသိမ်ခရိုင်မှူးကတွေ့ချင် တယ်ဆိုပြီးလာခေါ်တယ်။ ဘာမှ မမေးဘဲအကြာကြီးထားတယ်။ ပြန်ခါနီးကျမှအခမ်းအနားအစီအ စဉ်ကိုမေးတယ်’’ဟု ခေါ်ယူမေး မြန်းခံရသည့် ကိုအောင်ခန့်ဇော် ကပြောသည်။
ယခုနှစ်တွင် ကျရောက်မည့် ဆဲဗင်းဇူလိုင်အထိမ်းအမှတ်နေ့ တွင်လည်း ကျောင်းသားသမဂ္ဂအ ဖွဲ့ဝင်များက ရန်ကုန်စံရိပ်ငြိမ်မှတ် တိုင်မှစ၍ ရန်ကုန်တက္ကသိုလ်အ တွင်းရှိ ကျောင်းသားသမဂ္ဂအ  ဆောက်အအုံမြေနေရာဖြစ်သည့် သမဂ္ဂမြက်ခင်းပြင်ရှေ့သို့ ချီတက်  ရန်စီစဉ်ထားသောကြောင့်အစိုးရ က ရန်ကုန်မြို့တွင် လုံခြုံရေးတိုး မြှင့်ထားခဲ့သည်။
‘‘ကျောင်းသားတွေကို ဖမ်း တာဆီးတာရှိပြီး အခုပွဲနီးတော့ ထောက်လှမ်းရေးတွေပိုလာ တယ်။ အစဉ်အဆက်ကျောင်း သားတွေအခက်အခဲကြားက ဒီပွဲ ကိုလုပ်လာတာ။ ကျွန်တော်တို့က ဘယ်လိုအကြောင်းနဲ့မှ အပျက်ခံ မှာမဟုတ်ဘူး’’ဟု ရန်ကုန်တွင် ဆဲဗင်းဇူလိုင်ပွဲလုပ်ရန် စီစဉ်နေ သည့်ကျောင်းသားကိုရဲဇာနည်ထွန်းကပြောသည်။

မန္တလေးတွင် အရုဏ်တက်ချိန် မီးလောင်၍ ဆိုင်ခန်း ၁၀ခန်းဆုံးရှုံး


 မန္တလေးမြို့တွင် ဇူလိုင် ၆ရက် နံနက် ၄နာရီခွဲခန့်က လောင်ကျွမ်းခဲ့သောမီးကြောင့် ဆိုင်ခန်း၁၀ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်၊ စက်မှုပန်းခြံလမ်း၊ ဆိုင် တန်းလျားရှိ ဆိုင်ကယ်အပိုပစ္စည်း ဆိုင်မှ လျှပ်စစ်ဘုတ်ခုံအပူလွန်ကဲ ရာမှတစ်ဆင့် ဆိုင်ကယ်ကာဗာ များသို့ ကူးစက်ရာမှစတင်လောင် ကျွမ်းခြင်းဖြစ်ကြောင်း မီးသတ်ဦး စီးဌာနမှသိရသည်။
‘‘ဂိုဒေါင်ကြီးခံနေလို့ မီးက လူနေရပ်ကွက်ဘက်မကူးတာ။ ဂိုဒေါင်ရဲ့  ဟိုဘက်မှာ  လူနေအိမ်တွေ အများကြီး’’ဟုလာရောက်ငြှိမ်းသတ်ပေးနေသည့် မီးသတ်ဝန်ထမ်းတစ်ဦးကပြောသည်။
ဆိုင်ကယ်အပိုပစ္စည်းဆိုင် နှင့်ကပ်လျက် ကုန်စုံဆိုင်၊ သုံးခန်း တွဲလက်ဖက်ရည်ဆိုင်၊ လျှပ်စစ် ပစ္စည်းဆိုင်၊ သုံးခန်းတွဲကြက်စာ ဆိုင်နှင့် စားသောက်ဆိုင်တို့ကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။
ထို့အပြင် အနီးရှိ ဂိုဒေါင်ကို ပါ ထပ်မံမီးကူးစက်ခဲ့၍  ဂိုဒေါင် အတွင်းရှိ ကြက်စာပြောင်းဖူးစေ့ များမီးလောင်ဆုံးရှုံးခဲ့ကြောင်း တိုင်းမီးသတ်ဦးစီးဌာနနှင့် မီးလောင်ရာဝန်းကျင်တွင် နေထိုင် သူများက ပြောသည်။
မီးလောင်ကျွမ်းမှုမှာ တစ်နာ ရီခန့်ကြာမြင့်ခဲ့ပြီး ကျပ်သိန်းငါး ဆယ်ခန့် ဆုံးရှုံးခဲ့သည်ဟု မီးသတ် ဦးစီးဌာနက ခန့်မှန်းတွက်ချက်ထားသည်။ မီးလောင်ရာသို့ မီးသတ်ဝန်ထမ်း ၂၅၀ကျော်   လာရောက်ငြှိမ်းသတ်ခဲ့ပြီး ထိခိုက်သေဆုံးသူမရှိကြောင်း သိရသည်။
မီးစတင်လောင်ကျွမ်းခဲ့ သည့် ဆိုင်ကယ်အပိုပစ္စည်းဆိုင် မှအသက်(၂၈)နှစ်အရွယ်အမျိုး သားကို မီးပေါ့ဆမှုဖြင့် ပြည်ကြီး တံခွန်ရဲစခန်းတွင် အမှုဖွင့်အရေး ယူထားကြောင်း သတင်းရရှိ သည်။

ရောနှောဆီရောင်းချမှုများကြောင့် ဆီစက်အများစု လုပ်ငန်းရပ်ဆိုင်းထားရဟုဆို

 မြေပဲဆီအမည်ခံ ရော နှောဆီများကြောင့် မြန်မာနိုင်ငံ အတွင်းရှိ ဆီစက်အများစု လုပ် ငန်းရပ်ဆိုင်းထားရကြောင်း ဆီ စက်လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
ဇူလိုင် ၅ ရက်က မန္တလေး မြို့ရှိ အောင်မြင်ခြင်းဟိုတယ်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံတစ် ဝန်းရှိ ဆီစက်လုပ်ငန်းရှင်များ အလုပ်ရုံဆွေးနွေးပွဲ၌ ဆီစက် လုပ် ငန်းရှင်များက ယင်းသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
စားအုန်းဆီကို မြေပဲဆီ အနံ့ထည့်ကာ ပဲဆီသန့်အဖြစ် ရောင်းချမှုများကြောင့် သုံးနှစ် အတွင်း ဆီစက်အများစု လုပ်ငန်း ရပ်ဆိုင်းထားရပြီး မြန်မာနိုင်ငံရှိ ဆီစက်လုပ်ငန်းသုံးထောင်ကျော် တွင် ၁၀ ရာခိုင်နှုန်းခန့်ပင် လုပ်ငန်း မလည်ပတ်နိုင်တော့ကြောင်း ရန်ကုန်တိုင်းဒေသကြီးမှ ဧရာဝတီဆီစက်လုပ်ငန်းပိုင်ရှင် ဦးခင်စိုးက ပြောသည်။
အရောအနှောဆီများကို ဘူးတွင် တံဆိပ်ကပ်၍ ပဲဆီအသန့် ကဲ့သို့ ဈေးကွက်အတွင်း ရောင်းချ နေမှုများအပေါ် ထိရောက်စွာအရေးယူပေးရန်နှင့် ရောနှောဆီ များရောင်းချသည့် ဆိုင်များကို လည်း ဥပဒေအတိုင်း ထိရောက် စွာဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း မန္တလေးတိုင်းဒေသကြီး ဆီစက်လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌ ဦးအောင်ကျော် ကျော်က ပြောသည်။
မြန်မာနိုင်ငံအတွင်း စားသုံး ဆီများ၏ ၈၅ ရာခိုင်နှုန်းမှာ ရော နှောဆီများဖြစ်ပြီး ပြည်တွင်းမှ ထုတ်လုပ်သည့်ပဲဆီသန့်များမှာ ဈေးကွက်ယှဉ်ပြိုင်နိုင်ခြင်းမရှိ ကြောင်း၊ ဆီဈေးကွက်ကို ဖျက် ဆီးနေသည့် မသမာသောနည်း ဖြင့် ရောင်းချနေကြသူများနှင့် အရည်အသွေးမမီသော စားအုန်း ဆီနှင့် စားသုံးဆီများ ဝင်ရောက် နေမှုကို  နိုင်ငံတော်က  အထူး ကြပ်မတ်စစ်ဆေးပေးစေလို ကြောင်း  ဒုဥက္ကဋ္ဌက ဆက်လက်ပြောသည်။
ဆီစက်လုပ်ငန်းများ ရပ် ဆိုင်းထားရမှုကြောင့် ပဲဖတ်၊ နှမ်း ဖတ်များရှားပါးလာပြီး တိရစ္ဆာန်အစာရှားပါးမှု ကြုံတွေ့နေရကာ အိန္ဒိယနိုင်ငံဘက်မှ ပြန်လည်ဝယ်ယူနေရကြောင်း မန္တလေးတိုင်း ဆီစက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကိုကြီးက ပြောသည်။
အရည်အသွေး  ကောင်း သည့် စားအုန်းဆီများတင်သွင်း ရန် လိုအပ်နေပြီး ကုန်သည်များ အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံ မှုရှိရန် လိုအပ်ကြောင်း မန္တလေး ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စား သုံးသူကာကွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဆွေ တင့်ကြူးက ပြောသည်။

စစ်မှန်သောငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်းမည်ဟု SD နှင့်ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)တို့ ကတိပြု



စစ်မှန်သောငြိမ်းချမ်း ရေးရရှိရန် ဆက်လက်ကြိုးပမ်း မည်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအ ဖွဲ့အစည်းများ၏ NCA အဆင့်မြှင့်ညှိနှိုင်းရေးကိုယ်စားလှယ်အ ဖွဲ့ (SD) နှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)တို့က အသီးသီး က တိပြုကြေညာချက်များ ထုတ်ပြန် လာကြသည်။
  ဇူလိုင်လဆန်းတွင် အ သီးသီးဆက်တိုက်ထွက်ပေါ်လာ သော ယင်းကြေညာချက်များကို SD၏  ဒုတိယအကြိမ်အစည်းအဝေးနှင့် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) ပထမ ခြောက်လပတ်အစည်းအ ဝေးတို့မှ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ် သည်။
လက်ရှိအစိုးရသက်တမ်း ကာလအတွင်း တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) ကို အပြီးသတ်လက်မှတ်ရေးထိုး နိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင် ရာ မူဘောင်ရေးဆွဲရေးတို့ကို ဦးတည်ကြိုးပမ်းမည်ဟု ဖဒိုနော် စီဖိုးရာစိန်ဦးဆောင်သည့် SD နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်း ဦးဆောင်သည့်ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီ (UPWC) တို့ကြား ဇူလိုင် ၄ ရက် ချင်းမိုင်အစည်းအ ဝေးတွင် မူအားဖြင့်သဘောတူခဲ့ ကြသည်။
‘‘အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် အဆင့်မြင့်ကိုယ်စားလှယ်အ ဖွဲ့တို့၏ တရားဝင်ဆွေးနွေးပွဲကို မကြာမီကျင်းပပြီးစစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် ဆက်လက် ကြိုးပမ်းမည်’’ဟု SD က ဇူလိုင် ၅ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ သည်။

ခြောက်လပတ်အစည်းအ ဝေးပြုလုပ်ခဲ့သောRCSS ကလည်း NCA မချုပ်ဆိုနိုင်သေးမီပြည်နယ် အဆင့် ပဏာမအပစ်ရပ်သဘော တူညီချက်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူညီချက် စုစု ပေါင်း(၃၁)ချက်ကိုစွဲကိုင်ပြီး NCA ချုပ်ဆိုနိုင်ရေးအတွက် အဘက် ဘက်မှ လက်တွဲပူးပေါင်းဆောင် ရွက်သွားမည်ဟု ဇူလိုင်  ၃ ရက်စွဲ ဖြင့်ကြေညာသည်။ထို့အတူ ပြည် ထောင်စုနေ့က သမ္မတကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးဆိုင်ရာ ကတိ ပြုစာချုပ် (DOC) ကိုလက်ကိုင် ထားပြီး စစ်မှန်သောရေရှည်တည် တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိ ရေးအတွက် ဆက်လက်ကြိုးပမ်းမည်ဟုဆိုသည်။
ရှမ်းပြည်နယ်ရှိ လူထုသည် မူးယစ်ဆေးဝါးဘေးအန္တရာယ်ကို ကြီးမားစွာ ရင်ဆိုင်နေရသဖြင့် ဆေးစွဲသူများ၊ ဆေးဖြတ်ပေးခြင်း လုပ်ငန်းနှင့်မူးယစ်ဆေးဝါးတိုက် ဖျက်ခြင်းလုပ်ငန်းကို အလေးပေး ဆောင်ရွက်မည်ဖြစ်ကာ ငြိမ်းချမ်း ရေးတည်ဆောက်နေစဉ်ကာလ တွင် ရှမ်းပြည်လူထုကောင်းကျိုး အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် နယ်မြေများကို စည်းကမ်းဥပဒေ နှင့်အညီ ကောင်းမွန်စွာထိန်းချုပ် မည်ဟု RCSS က ဆိုသည်။

အိပ်မက်ဆုံရာ ရာသက်ပန်ဆုရှင် အောင်ထက်နှင့်တွေ့ဆုံခြင်း



‘အိပ်မက်ဆုံရာ ရာသက်ပန်’ဟု အမည်ပြောင်းကျင်းပခဲ့သည့် ပထမဆုံးပြိုင်ပွဲတွင် ပရိသတ်များ မျှော်လင့်ထားသည့်အတိုင်း ပြိုင်ပွဲ ဝင်တစ်ဦးဖြစ်သူ အောင်ထက် ဆုရရှိခဲ့သည်။ ပွဲစဉ်တစ်လျှောက် အောင်ထက်ယှဉ်ပြိုင်ခဲ့သည့် သီချင်းအများစုကို ဒိုင်များအပါ အဝင် ပရိသတ်များကလည်း ကြိုက်နှစ်သက်ခဲ့ကြသောကြောင့် အောင်ထက် ဆုရနိုင်သည်ဟု လည်း ခန့်မှန်းပေးခဲ့ကြသည်။ ထို့ ကြောင့် အိပ်မက်ဆုံရာ ရာသက် ပန်ဆု ပူပူနွေးနွေးရရှိထားသည့် အောင်ထက်၏ ခံစားမှုများကို ပရိသတ်များအတွက် ဖော်ပြပေး လိုက်ပါသည်။
‘အိပ်မက်ဆုံရာ ရာသက်ပန်’ဆုရ ခဲ့တာက အောင်ထက်ရဲ့ ဂီတခရီး အတွက် ခွန်အားတွေ ဘယ် လောက်ရခဲ့ပါသလဲ။
ဒီဆုရခဲ့တာက ကျွန်တော့် အတွက်တော့ အခုမှစလျှောက်ရ မယ့် ဂီတလမ်းမှာ လှေကားထစ် တစ်ခုကိုကောင်းကောင်းတက် နိုင်ခဲ့တယ်လို့ထင်ပါတယ်။ ခွန် အားတွေတော့ အများကြီးရခဲ့ တယ်။ ကျွန်တော့်ကိုအားပေးတဲ့ လူတွေက ကျွန်တော့်အတွက် ခွန် အားဖြစ်စေခဲ့တယ်လို့ ပြောရမှာ ပေါ့။
အခုခေတ်မှာ အဆိုပြိုင်ပွဲတွေက နေ ဆုရပြီး ပျောက်သွားတဲ့သူတွေ များတော့ အောင်ထက်ရဲ့ ရှေ့ ဆက်မယ့်ဂီတခရီးအတွက် ဘာ တွေဆက်လုပ်သွားဖို့ရှိမလဲ။
ကျွန်တော့်အနေနဲ့ကတော့ အတတ်နိုင်ဆုံး ဂီတကိုဆက်လုပ် နေမှာပဲ။ ဘယ်လိုအစီအစဉ်ဆွဲ ထားလဲဆိုတော့ လောလောဆယ် ဒီမီဒီယာနဲ့ပဲ ဆက်သွားမယ်။ စာချုပ်တွေချုပ်သွားမယ်။ ဒီကြား ထဲမှာလည်း ကျွန်တော့်ကြိုးစားမှု ကို အသိအမှတ်ပြုနေတဲ့သူတွေ နဲ့ အဆက်အသွယ်မပြတ်အောင် သီချင်းတွေလုပ်သွားဖို့လည်းရှိ တယ်။ ပြီးတော့ ဖေ့စ်ဘွတ်ခ်မှာ လည်း Family Group တွေရှိ တော့ ကျွန်တော့် Fan တွေနဲ့ အမြဲ တမ်းအဆက်အသွယ်မပြတ် အောင် အစီအစဉ်တော့ဆွဲထား တယ်။ ဂီတပိုင်းနဲ့ပတ်သက်လို့က တော့ လိုအပ်တဲ့သင်တန်းတွေ ဆက်တက်ရမယ်။ လိုအပ်တဲ့လေ့ လာမှုတွေဆက်လုပ်ရမယ်။
အောင်ထက်ဆုရမယ်လို့ ခန့်မှန်း ပေးခဲ့ကြပေမယ့် နောက်ဆုံးပြိုင်ပွဲ မှာ ဂျေနဗီကလည်း ကောင်း ကောင်းယှဉ်ပြိုင်နိုင်ခဲ့တာဆို တော့ ဆုမကြေညာခင်အချိန်ထိ ဘယ်လောက်ရင်ခုန်ခဲ့ပါသလဲ။
ဆုမကြေညာခင်အချိန်ထိ ရင်ခုန်နေတာတော့အမှန်ပဲ။ ဒါပေမဲ့ ဆုရမယ်၊ မရမယ်ကို ရင်ခုန် တာတော့မဟုတ်ဘူး။ အားပေးမှု ကြောင့် ရင်ခုန်တာ။ အဲဒီလိုတော့ ဖြစ်ခဲ့တယ်။ ဘယ်သူရမယ်၊ မရ မယ်နဲ့ပတ်သက်ပြီးတော့ ရင်မခုန် ခဲ့ဘူး။ အဲဒါတော့ အမှန်ပဲ။
နောက်ဆုံးပြိုင်ပွဲမှာ ပြိုင်ပွဲဝင် တွေ တော်တော်များများရဲ့ ဖျော် ဖြေမှုအစီအစဉ်ကို ဝေဖန်မှုတွေရှိ ခဲ့တာက ဘာကြောင့်လို့ထင်လဲ။ အောင်ထက်ကိုယ်တိုင်ကော ပရိသတ်တွေရှေ့မှာ တိုက်ရိုက် ဖျော်ဖြေခွင့်ရခဲ့တာ ဘယ်လောက်စိတ်လှုပ်ရှားခဲ့ရလဲ။
ကျွန်တော်တို့အတွက် သီချင်းတိုက်တဲ့အချိန်က သေချာ ကျကျနနလုပ်ခဲ့ရတာမဟုတ်ဘူး လေ။ ကြားထဲမှာရတဲ့အချိန်လေး မှာ ကြိုးစားပမ်းစားသီချင်းတိုက် ခဲ့ရတာဆိုတော့ အမှားအယွင်း လည်းဖြစ်ရင်ဖြစ်မှာပေါ့။ ကျွန် တော်တို့အားလုံးကတော့ တကယ်ကြိုးစားကြတာအမှန်ပဲ။ သီချင်းတွေကိုစီစဉ်ပေးတဲ့ ဆရာ တွေကလည်း ကြိုးစားပမ်းစားနဲ့ ဒီရက်ပိုင်းမှာ တစ်ရက်မှမနားဘဲ ဖိုင်နယ်မှာ ပရိသတ်ရှေ့မှာ အကောင်းဆုံးဖျော်ဖြေနိုင်ဖို့ အား လုံးကြိုးစားခဲ့ကြတယ်။ ဝေဖန်မှု တွေရှိသလို ချီးကျူးမှုတွေလည်း ရှိကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်အထင်ကတော့ ကျွန် တော်တို့မှာ ကျကျနနတိုက်ဖို့ အချိန်မရတာ၊ တကယ်လို့ အချိန် ရခဲ့ရင် အားလုံးတစ်သားတည်း ဖြစ်ပြီး အကောင်းဆုံးဖျော်ဖြေနိုင် မယ်လို့ထင်တယ်။ အားလုံးရဲ့ ရှေ့မှာ တိုက်ရိုက်ဖျော်ဖြေခွင့်ရခဲ့ တော့ အားလုံးရဲ့အားပေးမှုက လည်း တိုက်ရိုက်ပဲလေ။ အဲဒီ အတွက် အရမ်းပျော်တယ်။ ကိုယ် တိုင်လည်း အားရအောင် ဖျော် ဖြေနိုင်ခဲ့တယ်လို့ထင်ပါတယ်။
ပရိသတ်တွေက ကိုယ့်နာမည်ကို သံပြိုင်အော်ပြီးအားပေးတဲ့အချိန် မှာကော ဘယ်လိုခံစားရလဲ။
ဖြစ်ချင်တော့ ကျွန်တော်က နောက်ဆုံးဖျော်ဖြေရတယ်။ အဲဒီ တော့ ကျွန်တော့်နာမည်ကို စည်း ချက်ကျကျ လက်ခုပ်တွေတီးပြီး အော်ပေးကြတယ်။ စိတ်ထဲမှာ အရမ်းပျော်တယ်။ အရမ်းလည်း ပီတိဖြစ်တယ်။ အဲဒီခံစားမှုက ဘယ်လိုခံစားမှုဆိုတာ ဘယ်လို ပြောလို့ပြောရမှန်းတောင်မသိ ဘူး။
ပြိုင်ပွဲမှာ ဆုအနေနဲ့ သိန်းသုံးရာ ကျော်တန်ကားရခဲ့တာဆိုတော့ ကိုယ်တိုင်ကော ကားမောင်းတတ် လား။ မနေ့က အိမ်အပြန်ကိုဆုရ တဲ့ကားနဲ့အတူပြန်ခဲ့တာလား။
ကျွန်တော်  ကားမမောင်း တတ်သေးဘူး။ မနေ့က ကားနဲ့ ရိုက်ကူးရေးလုပ်တယ်။ ကားက ချက်ချင်းမောင်းလို့အဆင်မပြေ သေးဘူးလေ။ ကားနဲ့ပတ်သက်လို့ မပြီးသေးတာတွေရှိတော့ အဲဒီ အတွက် စီစဉ်ရဦးမယ်။ ကား မောင်းတာကိုတော့ အခုမှစပြီး သင်ရမှာ။ ကျွန်တော့်အစ်ကိုရဲ့ ကားနဲ့ သင်ဖို့စီစဉ်ထားတယ်။
ခြောက်လလုံးလုံး အတူပြိုင်ပွဲဝင် ခဲ့ရတဲ့ ဆုမရခဲ့တဲ့ ရဲဘော်ရဲဘက် ပြိုင်ပွဲဝင်တွေကိုကော ဘယ်လို အားပေးစကားမျိုးပြောချင်ပါသလဲ။
ရင်ထဲမှာရှိတဲ့ ကျွန်တော် ကိုယ်တိုင်လည်း ကျင့်သုံးနေတဲ့ စကားလေးနဲ့ပဲအားပေးပါရစေ။ ရည်ရွယ်ထားတဲ့ ဂီတလမ်းကို လုပ်ဖို့ ဘယ်လိုအခက်အခဲပဲရှိရှိ ကျော်ဖြတ်ပါ။ ဘယ်လိုအခက် အခဲပဲရှိရှိ ဆက်လုပ်ပါ။ ကိုယ် ရည်ရွယ်ထားတဲ့အရာကို ပြီး မြောက်အောင်မြင်အောင်လုပ် စေချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဂီတကို တကယ်မြတ်နိုးတယ်၊ တကယ်ချစ်တယ်၊ တကယ်လုပ် ဖို့ရည်ရွယ်ထားတယ်ဆိုရင်တော့ ဆက်လုပ်စေချင်တယ်။
ဒီပြိုင်ပွဲကနေ ဆုရတဲ့ သုံးယောက် ကို အခွေထုတ်ပေးမှာဆိုတော့ သီချင်းသစ်တွေကို ကိုယ်တိုင်ဖန် တီးသွားဖို့ အစီအစဉ်ရှိလား။
အဲဒါကတော့ ဘယ်လိုစီစဉ် မလဲမသိသေးဘူး။ ဆရာတွေရေး တဲ့ သီချင်းတွေကတော့ ပါမှာသေ ချာတယ်။ ကျွန်တော်ရေးတဲ့ သီချင်းလည်းပါရင်ပါမှာပေါ့။
အောင်ထက်ရဲ့ အမာခံပရိသတ် တွေနဲ့ ပြိုင်ပွဲပြီးပြီးချင်းနောက်နေ့ မှာ အလှူသွားလုပ်ဖြစ်တာက ကော အရင်ကတည်းက စီစဉ် ထားတာလား။
ကျွန်တော့် Fan တွေနဲ့ ဒီပွဲ ပြီးရင် သွားကြဖို့စီစဉ်ထားတာ။ ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ် စေ ဒီပွဲပြီးရင် ပရဟိတတွေ လျှောက်လုပ်ကြမယ်ဆိုပြီး စီစဉ် ထားတာ။ ဘယ်နေရာလှူမယ်ဆို တာကတော့ သူတို့စီစဉ်တာ။ အလှူသွားလှူဖို့ ပြောထားတာက အရင်ကတည်းက။ ဒီနေ့က ဇူလိုင် ၆ ရက် သဘာဝဘိုးဘွားရိပ်သာ ရယ်၊ သီလဝါမိဘမဲ့ကလေး ကျောင်းရယ်၊ ဒဂုံဆိပ်ကမ်းဘိုး ဘွားရိပ်သာရယ်မှာ သွားလှူဖြစ် တယ်။ ဇူလိုင် ၁၂ ရက်နေ့ကျရင် လည်း မိဘမဲကျောင်းတွေမှာ လည်း သွားလှူဖို့ရှိသေးတယ်။
ပြိုင်ပွဲတစ်လျှောက်အားပေးခဲ့ သလို နောက်ဆုံးပြိုင်ပွဲမှာလည်း အောင်ထက်ရဲ့ နာမည်ကိုသံပြိုင် အော်ပြီးအားပေးနေတဲ့ ပရိသတ် တွေအတွက် စကားလက်ဆောင် လေးပြောပေးပါဦး။
ကျွန်တော့်ကိုအားပေးနေတဲ့ မိသားစုဝင် ညီအစ်ကို၊ မောင်နှမ၊ သူငယ်ချင်း၊ မိတ်ဆွေများအားလုံး ကို ပရိသတ်လို့မဆိုလိုပါရစေနဲ့။ အားလုံးက ကျွန်တော့်ရင်ထဲမှာ ရင်းနှီးတဲ့သူတွေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ထပ် လည်း အမြဲတမ်း ဒီအသိအမှတ် ပြုမှုလေးကို တည်မြဲစေချင်ပါ တယ်။ တည်မြဲဖို့လည်းမျှော်လင့် ပါတယ်။
ကျေးဇူးတင်ပါတယ်။

သမဂ္ဂတစ္ဆေအခြောက်ခံနေရတုန်းလား

             တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်ဖြင့်မခွဲမီတွေ့ရစဉ် (ဓာတ်ပုံများ−ဗကသများအဖွဲ့ချုပ်ဗဟိုလုပ်ငန်းကော်မတီ၏FB စာမျက်နှာ)

လွန်ခဲ့သည့် ၅၃ နှစ် ဇူလိုင် ၇ရက် သည်နေ့သည် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီး ဗုံးမခွဲ မီ ကျောင်းသားများ သွေးမြေကျ သည့်နေ့ဖြစ်သည်။
၁၉၂၀ တွင် စတင်တည်ထောင်သော ရန်ကုန်တက္ကသိုလ် နှင့်အတူ မွေးဖွားလာခဲ့သည့် ကျောင်းသားသမဂ္ဂအဆောက် အအုံကို အင်္ဂလိပ်အစိုးရ ဘုရင်ခံ ဆာဟာကုတ်ဘတ္တလာကိုယ် တိုင် အုတ်မြစ်ချခဲ့သည်။
နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုကာလ၊ လွတ်လပ်ရေးကြိုး ပမ်းမှုကာလနှင့် လွတ်လပ်ပြီး နောက်ပိုင်းကာလအထိ ဗိုလ်ချုပ်အောင်ဆန်း၊ ၀န်ကြီးချုပ်ဦးနု၊သခင်ဗဟိန်း၊  သိန်းဖေမြင့်စသည့်တိုင်းပြည်ကို ခေါင်းဆောင်မှုပေးနိုင်သည့် နိုင်ငံရေးခေါင်းဆောင် ကြီးများ ထွက်ပေါ်ခဲ့ရာ ကျောင်းသားသမဂ္ဂအဆောက်အအုံမှာ ယနေ့ရန်ကုန် တက္ကသိုလ်၊ အဓိပ တိလမ်း၏  ညာဘက်ခြမ်း ဗိုလ်အောင်ကျော်ကျောက်တိုင်အနီး  မြက်ခင်းပြင်ထီးထီးကြီးအဖြစ် သာ ကျန်ရစ်တော့သည်။
ဗြိတိသျှကိုလိုနီခေတ် လွတ်လပ်ရေး ကြိုးပမ်းမှုတစ်လျှောက်နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှု များကို နယ်ချဲ့ အစိုးရလက်ထက်ကပင်လျှင် လက်နက်ဖြင့်အကြမ်း ဖက်တားဆီးပိတ်ပင်မှုမရှိခဲ့ပေ။ အပြင်းထန်ဆုံးအဖြစ် ကျောင်းထုတ်အပြစ်ပေးခြင်းလောက်သာရှိခဲ့ပြီး လွတ်လပ်စွာ ရှင်သန်ခွင့်ရခဲ့သော ကျောင်းသားသမဂ္ဂ အဆောက်အအုံသည်  မြန်မာလူမျိုး စစ်အစိုးရလက်ထက်တွင် ပြာပုံအတိဖြစ်အောင် ဖျက်ဆီးခံခဲ့ရသည်။
တို့ဗမာအစည်းအရုံး၏ နာယက ဆရာကြီးသခင်ကိုယ်တော် မှိုင်းက ‘‘ဒီအဆောက်အအုံကိုသာ ဖြိုလို့ရမယ်။ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူ မှ ဖြိုလို့မရဘူး’’ဟူသည့် စကားလို ပင် ဗိုလ်ချုပ်နေ၀င်းလက်ထက်မှ ယနေ့ပါလီမန်အစိုးရလက်ထက် အထိ ၅၃ နှစ်တိုင် ကျောင်းသားသမဂ္ဂ ပြန်ဆောက်ခွင့်နှင့် သမဂ္ဂများ တရားဝင်ရပ်တည်လှုပ်ရှား ခွင့်တို့ ဖိနှိပ်ခံနေရဆဲဖြစ်သည်။
သို့သော် ခေတ်အဆက် ဆက်ကျောင်းသားလှုပ်ရှားမှုများ ရပ်တန့်မသွားဘဲ သမဂ္ဂစိတ်ဓာတ်ကို လက်ဆင့်ကမ်းသယ်ဆောင်နေကြပြီး ကျောင်းသားအခွင့် အရေးအတွက် တိုက်ပွဲဝင်မှုများက ရပ်တန့်မသွားသည်မှာ မကြာမီကဖြစ်ပွားခဲ့သည့် အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့သည့် လက်ပံတန်းကျောင်းသားသပိတ်က သက်သေပင်ဖြစ် သည်။
ထို့ပြင် သမဂ္ဂမျိုးဆက်ကို မြေပေါ် မြေအောက်မကျန် အဆင့် ဆင့် လက်ဆင့်ကမ်းနိုင်ခဲ့ကြောင်း ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းကျောင်းသားမျိုးဆက် ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုရဲဇာနည်ထွန်းက ပြောသည်။
‘‘၁၉၆၂  တုန်းက အများစုရဲ့အယူအဆက ရန်သူကိုအမြစ် ပြတ်ချေမှုန်းရေး။ အခု ကျွန်တော်တို့ ကျောင်းသားမျိုးဆက်တွေက စစ်အာဏာရှင်ကို ဆန့်ကျင်တာ အပြင် ပညာရေးဥပဒေပြင်ဆင် ရေးအပါအ၀င် အမျိုးသားပြန် လည်ရင်ကြားစေ့ရေးဆိုတဲ့ ရှု ထောင့်ကပါပြောနေတာဖြစ် တယ်။ ဒါပေမဲ့ အာဏာပိုင်တွေဘက်ကတော့ သူတို့ကိုဆန့်ကျင် ရင် ဖိနှိပ်မယ်၊ ဖြိုခွဲမယ်၊ ဖမ်းမယ် ဆိုတဲ့ အရင်ပုံစံအတိုင်းပဲရှိတယ်။၅၃ နှစ်ကြာခဲ့ပြီ။ ကျွန်တော်တို့က အတွေးအခေါ် ပိုကျယ်ပြန့်လာတယ်။ သူတို့ဘက်က မပြောင်းသေးဘူး’’ ဟု ၄င်းကပြောသည်။
၁၉၆၂ အာဏာသိမ်းမှုမတိုင်မီ ပါလီမန်ဒီမိုကရေစီခေတ်တွင် နိုင်ငံရေးခေါင်းဆောင်များမှာ  ကျောင်းသားသမဂ္ဂမှ   ခေါင်း ဆောင်များ ဖြစ်ခဲ့ကြပြီး ကျောင်းသားလှုပ်ရှားမှုကို အစိုးရက ကိုင်တွယ်ဖြေရှင်းခြင်းသည် နိုင်ငံရေးဆန်သည်။ ကျောင်းသားအရွယ်၏ သဘာဝကိုလည်းနားလည် သည်။
ပါလီမန်ဘောင်အတွင်းက ကျောင်းသားလှုပ်ရှားမှုများသည် နောက်ပိုင်းခေတ်များလောက် ပိုးစိုးပက်စက်မဖြစ်ခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက ပြော သည်။
လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် ပေါ်ပေါက်ခဲ့သော လက်ပံတန်း ကျောင်းသား သပိတ်ကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသ မဂ္ဂအဖွဲ့ချုပ် (ဗကသ)၊ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ)မှ ကျောင်းသားခေါင်း ဆောင်များအပါအ၀င် ကျောင်းသားနှင့် ၀န်းရံပြည်သူ ၇၀ ဦး သာယာဝတီထောင်နှင့် ရန်ကုန်အင်းစိန်ထောင်တို့၌ ဖမ်းဆီးခံထား ရပြီး အချို့မှာ ဖမ်းဝရမ်းထုတ်ခြင်း ခံထားရပြီဖြစ်သည်။
ယနေ့ ဆဲဗင်းဇူလိုင်နှစ်ပတ်လည်တစ်ကျော့ပြန်လည် လာချိန်တွင် ပြင်ပတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်သည့် ကျောင်းသားခေါင်းဆောင်ပိုင်း အရေအတွက်မှာ လွန်စွာ နည်းပါးနေပြီဖြစ်သည်။
လွတ်လပ်ရေးရပြီးကတည်းမှ မနေ့တစ်နေ့ လက်ပံတန်း သပိတ်စခန်းအထိ ကျောင်းသားလှုပ်ရှားမှု အမျိုးမျိုးကို လေ့လာကြည့်လျှင် အစိုးရအဆက်ဆက် သည် ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားသမဂ္ဂ၊ ကျောင်းသား ခေါင်းဆောင်တို့နှင့် ပတ်သက်လျှင် အမြဲတစေရန်လိုသည်။
ကျောင်းသားများဘက်က ဒီမိုကရေစီရေးနှင့် စစ်အာဏာ ရှင်စနစ်ကျဆုံးရေးကို အစဉ်တ စိုက် တောင်းဆိုခဲ့ရာမှ ယနေ့တွင်အဆိုပါအချက်များအပြင် အမျိုးသားပြန်လည်ရင် ကြားစေ့ရေးကိုပါ ဦးတည်လှုပ်ရှား တိုက်ပွဲဝင် လာပြီဖြစ်သော်လည်း အစိုးရကတော့ ပြောင်းလဲမှု မရှိသေးပေ။
သမဂ္ဂဆိုသည့် စကားကို နားခါးပြီး တစ္ဆေသရဲကဲ့သို့ပင် ကြောက်ရွံ့ကြကြောင်း ၁၉၆၂ခုနှစ် ဆဲဗင်းဇူလိုင် အရေးအခင်း ကို ဖြတ်သန်းခဲ့သည့် ထိုစဉ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား  သမဂ္ဂအဖွဲ့ချုပ် အတွင်းရေးမှူး ဦးလှရွှေကပြောသည်။
‘‘ကျောင်းသားဆိုတာ အာ ဏာကို လုယူမယ့်သူမဟုတ်ဘူး။  ဒီမိုကရေစီအခွင့်အရေးရဖို့ အတွက်ပဲ တို့က လုပ်တာ။ အစိုးရအဆက်ဆက်ကတော့ သမဂ္ဂနဲ့ ကျောင်းသားလှုပ်ရှားမှုဆိုတာနဲ့ အမြဲတမ်းရန်လိုပြီး အာဏာလိုချင်လို့လား ဆိုတဲ့မေးခွန်း အမြဲမေးတော့တာပဲ’’ဟု ဦးလှရွှေက ပြော သည်။
၁၉၆၂ ခု မတ်လ ၂ ရက်တွင်ဝန်ကြီးချုပ်ဦးနုထံမှ အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်နေ၀င်း၏ စစ် အစိုးရကို ရန်ကုန်တက္ကသိုလ်အတွင်းရှိ ကျောင်းသားတစ် သောင်းခွဲခန့်က မဟာဗန္ဓုလပန်း ခြံတွင် ပထမဆုံး ဆန္ဒပြကန့်ကွက်သည်။ ထို့ကြောင့် ဆဲဗင်းဇူလိုင် အရေးအခင်း   ဖြစ်လာမည့် ကျောင်းသားလှုပ်ရှားမှုသည် မြန်မာ့သမိုင်းတွင် ပထမဆုံး စစ်အာဏာရှင်ကို တော်လှန်သည့်နေ့အဖြစ် ထင်ရှားလာခဲ့သည်။
၁၉၆၂ ဇွန်လ ၁ ရက် ကျောင်းစဖွင့်သည့်နေ့တွင် ဗိုလ်နေ၀င်းက ကျောင်းဆောင်စည်းကမ်း(၂၂) ချက်ကို ပြဋ္ဌာန်းလိုက်သည်။ ယင်းအချက်များလိုက်နာမည်ဟု လက်မှတ်ထိုးမှ ကျောင်းသားများအဆောင်နေခွင့်ရှိမည်ဟု ကြေ ညာသည်။ ထို (၂၂) ချက်ကို ဆဲဗင်းဇူလိုင်ဖြစ်လာမည့် ဇူလိုင် ၇ ရက်တွင် ကျောင်းသားများက  သမဂ္ဂအဆောက်အအုံတွင် အစည်းအဝေးလုပ်၍ ကန့်ကွက်ကြ သည်။ ကျောင်းတစ်ပတ်ပတ်၍ ဆန္ဒပြကြသည်။
ထို့နေ့ နေ့လယ် ၂ နာရီ တွင် ရဲတပ်ဖွဲ့ဝင်များက ဗကသ၊တကသမှ ကျောင်းသား ခေါင်းဆောင်များကို စတင်ဖမ်းဆီး သည်။  ညနေ ၄နာရီခွဲတွင်  ဗိုလ်မှူးစိန်လွင်ဦးစီးသည့် စစ်တပ်နှင့်အထူးရဲတို့က တက္ကသိုလ် ပရိဝုဏ်အတွင်း ၀င်စီး၍ ဆန္ဒပြကျောင်းသားများကို အကြမ်းဖက်နှိမ်နင်းခြင်း၊ မျက်ရည်ယိုဗုံးနှင့် ပစ်ခြင်း၊ သေနတ်များဖြင့် ပစ်ခတ်ခြင်းတို့ ပြုခဲ့ကြသည်။
‘‘ကျောင်းသားတွေကလည်း ကျောင်းထဲကနေ စစ်ဗိုလ်တွေကို မင်းတို့က သုံးယောက်ပေါင်းလို့ ခုနစ်တန်းအောင်လို့လား ဆိုပြီး နာလိုခံခက်တွေလည်းပြောတာ ပေါ့။၎နာရီခွဲမှာ စပစ်တော့ ဘယ်သူကမှ တကယ် ပစ်မယ်မထင်ထားဘူး။ သမဂ္ဂအဆောက်အအုံနဲ့ နည်းနည်းဝေးတဲ့ ရွှေဘိုတို့၊ စစ်ကိုင်းတို့အင်းဝဆောင်တို့က ကောင်တွေ ဆို ဟေ့ကောင်တွေ အပေါ်ထောင်မပစ်နဲ့။ ပစ်စရာရှိ တည့်တည့်ပစ်နဲ့အော်ကြတယ်။ တကယ်က တည့်တည့်ပစ်နေတာ သူတို့မသိကြဘူး။ သွေးအလိမ်းလိမ်းဖြစ်ကုန်ပြီ။ ပစ်ကွင်းထဲလည်း ၀င်ဆွဲလို့ မရဘူးလေ’’ဟု ယခု အသက် (၇၇) နှစ်အရွယ်ရှိ ဦးလှရွှေက ဆဲဗင်းဇူလိုင်နေ့အဖြစ်အပျက်ကို မျက်ရည်များ တွေတွေကျရင်း ပြန်ပြောင်းပြောပြသည်။
ထိုစဉ်က ဦးနေ၀င်းအစိုးရထံ တွင် အမည်စာရင်းပေါက်သည့်ကျောင်းသားခေါင်းဆောင်ထဲ၌ ပါသော ဦးလှရွှေသည် ရန်ကုန်တက္ကသိုလ်မှ ဆရာဖြစ်သည့် ဆရာဇော်ဂျီ၏ ကားဖြင့် အခေါက်ခေါက်အခါခါ ကယ်ထုတ်ခံရသူများအနက်တစ်ဦးဖြစ်ပြီး ရန်ကုန်ရွက်လှေအသင်းမှ တစ်ဆင့် ယခုဆီဒိုးနားဟိုတယ်အနီးသို့ လှေဖြင့် ထွက်ပြေးလွတ်မြောက်သွား ခဲ့သည်။
အာဏာသိမ်းခြင်းကို အပြင်းအထန်ကန့်ကွက်ခဲ့သော ကျောင်းသားထုကို မျက်မုန်းကျိုးနေပြီး ကျောင်းသားလှုပ်ရှားမှု၏ အဓိကရေသောက်မြစ်ဟု မြင်နေခဲ့သော ကျောင်းသားသမဂ္ဂကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက် နံနက် ၆ နာရီခန့်တွင် ဒိုင်းနမိုက်များဖြင့် ဖြို ခွဲဖျက်ဆီးလိုက်ကြသည်။ သမဂ္ဂဗုံးခွဲမှုကို ထိုစဉ်က စစ်အာဏာရှင် အစိုးရက မည်သူ့လက်ချက်ဖြစ်ကြောင်း ပြည်သူကို ၀န်မခံခဲ့ပေ။
‘‘သမဂ္ဂကို ဗုံးခွဲတာဟာအစိုးရအလုပ်၊ စစ်တပ်အလုပ်ဖြစ် တယ်။ တပ်ဆိုတာ တိတိကျကျလုပ်တယ်။ အမိန့်ကိုစာနဲ့ရေးရ တယ်။ အနည်းဆုံး Captain တစ်ယောက်ပါကိုပါတယ်။ ဒီသမဂ္ဂ အဆောက်အအုံကြီးရဲ့ အနက်၊ အောက်ခြေဖောင်ဒေးရှင်း ဘယ်လောက်၊ အားလုံးတစ်စမကျန် ပျက်သွားဖို့ဆို ဘယ်လောက် ပေါက်ကွဲ အားရှိတဲ့ ယမ်းနဲ့ခွဲမလဲဆိုတာ ပညာရှင်တွေတွက်ချက် တာလည်း ပါရမယ်။ အားလုံးကဗိုလ်နေ၀င်းကို ဒီလောက် ကြောက် ကြရတာ။ ဦးနေ၀င်းမသိဘဲ လုပ်တယ်ဆိုတာ လုံးဝမဖြစ်နိုင် ဘူး’’ ဟု  ဦးလှရွှေက ပြောသည်။
ထို့နေ့က ကျောင်းသားပေါင်းရာနှင့်ချီ၍ သေသည်ဟုသတင်းများ နောက်ပိုင်းတွင် ထွက်ပေါ်လာသည်။ အထောက်အထား တစ်ခုအဖြစ် ၁၉၆၂ ခုနှစ် ဇူလိုင် ၈ ရက်နံနက် ၁၁ နာရီတွင် ရန်ကုန်ဆေးရုံအုပ်ကြီး ဦးအောင်သိန်းက ၎င်းထံသို့ ကျောင်းသားစုစုပေါင်း ၈၆ ယောက်ရောက်လာသည့်အနက် အလောင်း ၆၀ ကျော်ပါပြီး ဒဏ်ရာအပြင်းအထန်ရ သည့် စာရင်းမှာ ၂၀ ကျော်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
‘‘အဘက မန္တလေးဆောင်ကဆိုတော့ နောက်ပိုင်းမန္တလေး အဆောင်မှူး ဒေါက်တာခင်မောင်ဝင်းနဲ့ ပြန်ဆုံတော့ သူပြောတာ မန္တလေးတစ်ဆောင်တည်းတင် ၁၈ ယောက်သေတယ်တဲ့’’ ဟု ဦးလှရွှေက ပြောသည်။
အင်္ဂလိပ်အစိုးရလက်ထက် တွင် ကျောင်းသားသမဂ္ဂကို တရား ၀င်ခွင့်ပြုခဲ့ပြီး သမဂ္ဂဆိုင်ရာအခွင့် အရေးများပေးခဲ့သည်။ ထိုခေတ် က ကျောင်းသားတစ်ဦး ကျောင်းအပ်ပါက သမဂ္ဂကြေးကို တက္ကသိုလ်များကောင်စီက ကောက်ခံပေးရာ မည်သည့်ကျောင်းသားမဆို ရန်ကုန်တက္ကသိုလ်သို့ ရောက်ပါက အလိုအလျောက် သမဂ္ဂအဖွဲ့ဝင်ဖြစ်သွားသည်။
ကျောင်းသားသမဂ္ဂသည် ကျောင်းသားများ၏ သာမန်စုရပ်တစ်ခုတင်မဟုတ်။ ကျောင်းပြီး ပါက နယ်ပယ်အသီးသီးသို့ ဖြတ်သန်းသွားကြတော့မည့် ကျောင်းသားများအတွက် လေ့ကျင့်ရေး ကွင်းလည်း ဖြစ်သည်။ နိုင်ငံရေးလုပ်မည့်သူအတွက်လည်း သမဂ္ဂ သည် အဖွဲ့အစည်းနှင့် လုပ်တတ်ကိုင်တတ်သည့် ဆွေးနွေးငြင်းခုံ ဆုံးဖြတ်ချက်ချသည့် အလေ့အကျင့်များရသည့် အရင်းအမြစ် များဖြစ်သည်။ ထို့ကြောင့် ကျောင်းသားသမဂ္ဂများကို ရှင်သန်ခွင့်ပေး သင့်ကြောင်း ဦးကိုကိုကြီးက ပြောသည်။
‘‘ပါဠိစကား သမဂ္ဂဆိုတာကို အရမ်းကြောက်တယ်။ အနှစ်သာ ရကို ရောက်အောင်မသွားနိုင် ဘဲနဲ့ ဝေါဟာရစကားလုံးကို တောက်လျှောက် ငြင်းတယ်။ သမဂ္ဂသုံးရမှာ ကြောက်လို့ ကျောင်းသားယူနီယံလို့ပြောတာ ရယ်စရာကောင်းတယ်။  ကျောင်းသားသမဂ္ဂတွေကို လွတ်လွတ် လပ်လပ်ရပ်တည်ခွင့်၊ လှုပ်ရှားခွင့်ပေးလိုက်ရင် လုပ်ရင်းသင်လာပြီး ကျောင်းသားတွေလည်း တဖြည်းဖြည်း ရင့်ကျက်လာမှာ ပေါ့။   ဝေါဟာရတွေကို မကြောက်ပါနဲ့။ တကယ့် အနှစ်သာရကိုရောက်အောင် ၀ိုင်းပြီး ကြိုးစားကြ ပါ’’ဟု  ဦးကိုကိုကြီးက ပြောသည်။အင်္ဂလိပ်လက်ထက် ၁၉၂၀ ပထမ တက္ကသိုလ်ကျောင်းသား သပိတ်၊ ဗိုလ်ချုပ်နှင့် ဦးနုတို့ကို ကျောင်း ထုတ်ပစ်ခြင်းကို မကျေနပ်ရာက စတင်ခဲ့သည့် ၁၉၃၆ ကျောင်းသားသပိတ်၊ ၁၉၃၈ ကိုအောင်ကျော် ကျဆုံးသည့် ကျောင်းသားသပိတ်တို့ကို အင်္ဂလိပ်စစ်ပုလိပ်များက နံပါတ်တုတ်ဖြင့် ရိုက်နှက်ဖြိုခွဲခြင်း၊ ကျောင်းသားခေါင်းဆောင်အချို့ ကို အဆောင်မှ ထုတ်ပယ်ခြင်း၊ ကျောင်းထုတ်ခြင်းတို့ လောက် သာ အပြင်းထန်ဆုံးဖြစ်ပြီး ကျောင်းသားများကို ထောင်ချ ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းတို့မရှိခဲ့ ပေ။ သတ်မှတ်ကာလ ကျောင်းထုတ်သည့်နှစ် ကုန်ဆုံးပါက တက္ကသိုလ်ကိုပင် ပြန်လာခွင့်ပြု လိုက်သေးသည်။
ဖဆပလအစိုးရ ၀န်ကြီးချုပ်ဦးနုလက်ထက်တွင် ၁၉၅၃အောက်တိုဘာ ကျောင်းသား သပိတ်၊ ၁၉၅၆ ကျောင်းသား သမဂ္ဂပိတ်ပင်မှု ဆန့်ကျင်ရေး ကျောင်းသားသပိတ်၊  ၁၉၅၆တွင် ပင် ခုနစ်တန်းမေးခွန်းကြိုပေါက် ခြင်းကြောင့် ဆန္ဒပြရာမှ စိန်ပေါလ်မှ ခုနစ်တန်းကျောင်းသား ဟယ်ရီ တန် သေနတ်မှန်သေဆုံးသည့် ကျောင်းသားသပိတ် စသည့် သပိတ်အားလုံးကို ဦးနုအစိုးရက ကျောင်းသားအချို့ကို  ကျောင်းထုတ်ခြင်း၊ ကျောင်းဝင်းအတွင်းဝင်၍ မျက်ရည်ယိုဗုံးပစ်လူစုခွဲခြင်း၊ နံပါတ်တုတ်ဖြင့် ရိုက်နှက်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းတို့ ဖြင့် ကိုင်တွယ်ခဲ့သည်။
သို့သော် မည်သည့်ကျောင်း သားမှ နှစ်ရှည်ကြီးလေးသော ထောင်ဒဏ်များ ကျခံခဲ့ရခြင်း မရှိခဲ့ပေ။
ဗိုလ်ချုပ်နေ၀င်းလက်ထက်တွင် အမြစ်မှဆွဲလှန်လိုက်သကဲ့ သို့ ၁၉၆၂ ဆဲဗင်းဇူလိုင်တွင် သမဂ္ဂကို ရိုက်ချိုးမှုမှစ၍ ၁၉၇၄၊ ၁၉၇၅၊ ၁၉၈၈ ၊ ၂၀၀၇ မှ ယနေ့ ၂၀၁၅ ခုနှစ်လက်ပံတန်းကျောင်းသား လှုပ်ရှားမှုအထိ ကျောင်းသားလှုပ်ရှား မှု မှန်သမျှ အကြမ်းဖက်ဖိနှိပ်ဖြိုခွဲခံခဲ့ရသည်။ ကျောင်းသားများစွာ ၏ သွေးမြေကျခဲ့ရသည်။
‘‘ဆဲဗင်းဇူလိုင်ကနေ ဒီနေ့အထိ ကျွန်တော်တို့ဟာ ကျောင်းသားထု အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ ဒီမိုကရေစီပညာရေးတွေ အတွက် ဘ၀နဲ့ရင်းပြီး တိုက်ပွဲဝင် နေရတုန်းပါပဲ။ တိုက်ပွဲပုံစံကနေ စေ့စပ်ညှိနှိုင်းရေး စားပွဲတွေထက် ကို ကျွန်တော်တို့သွားဖို့ ကြိုးစား ပါတယ်။ ဒါပေမဲ့ အတုအယောင် ဆွေးနွေးပွဲတွေပဲရတယ်။ ဒီမိုကရေစီအရေခြုံအစိုးရတွေ အုပ်ချုပ်နေသမျှကာလပတ်လုံး ကျောင်းသားထုရဲ့ တိုက်ပွဲသဏ္ဌာန်က မပြောင်းလဲနိုင်ပါဘူး။ အရင်လိုပဲဘ၀တွေရင်းပြီး အခွင့်အရေး အတွက် ကြိုးပမ်းနေရမှာပါပဲ’’ဟု ဗကသအဖွဲ့ချုပ်မှ ကျောင်းသား ခေါင်းဆောင် ကိုမြတ်သူက ပြော သည်။
မြန်မာနိုင်ငံတွင် ကျောင်းသားသမဂ္ဂများသည် ကျောင်းသားထု၏ နစ်နာမှု၊ မိဘများဖြစ်သည့် ပြည်သူများ၏ နစ်နာမှုများ အတွက် အမြဲတမ်း တပ်ဦးမှ တိုက် ပွဲဝင်ခဲ့၊ တိုက်ပွဲဝင်ဆဲဖြစ်သည်။ ကျောင်းသားသမဂ္ဂများ ရှေ့ထွက် လာပါက ပြည်သူများက နောက်မှလိုက်ပါတတ်သည့်အတွက် အစိုးရအဆက်ဆက် သမဂ္ဂများကို ရှင်သန်ခွင့် မပေးလို၊ အသံကြားရုံ ဖြင့်ကြောက်လန့်နေသည်ဟု မြင်ကြောင်း ၎င်းက ဆက်လက်ပြော သည်။
‘‘လွတ်လပ်တဲ့ ကျောင်းသားသမဂ္ဂတွေဆိုတာ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတစ်ခုပါ။ ဒီမိုက ရေစီကို ရွံမုန်းသူတွေကတော့ သမဂ္ဂတွေကိုလည်း ရွံမုန်းနေမှာ ပါပဲ’’ဟု ကိုမြတ်သူက ဆိုသည်။
၈၈ ကာလတုန်းက သမ္မတ ဒေါက်တာမောင်မောင်က ‘‘သမဂ္ဂအဆောက်အအုံကိုေ ပျာ်ပျော်ပါးပါး အုတ်မြစ်ချကြပါစို့’’ ဟု ပြောကြားခဲ့သည်။ သို့သော် ယနေ့အထိ သမဂ္ဂအဆောက်အအုံ ရော သမဂ္ဂအဖွဲ့အစည်းများပါ တရားဝင် ရပ်တည်ခွင့်မရသေး။
ထို့ပြင် ကျောင်းသားလှုပ်ရှား မှုမှန်သမျှ၏ နောက်ကွယ်တွင် ဗကပ(ကွန်မြူနစ်)များ၏ လှုံ့ ဆော်ကြိုး ကိုင်မှုများရှိနေကြောင်း ပြောကြားမှုများလည်းရှိသည်။
‘‘ဒီနိုင်ငံမှာ   ထစ်ခနဲရှိရင် လူတစ်ယောက်ကို နိုင်ငံရေးအဖွဲ့ အစည်းတစ်ခု တံဆိပ်ကပ်ပြီး စွပ်စွဲလိုက်တယ်။ အဲဒီတော့ တကယ်တေ့တေ့ဆိုင်ဆိုင် စကားပြောရ မယ့် အချိန်မှာ အခက်အခဲဖြစ်တယ်။ ကျောင်းသားသမဂ္ဂဆိုတာတစ်ဦးချင်းရဲ့ လေ့လာမှုအပေါ် မူတည်ပြီးတော့ လက်ဝဲသန်တဲ့ကျောင်းသား၊ လစ်ဘရယ်သန်တဲ့ ကျောင်းသား၊ နက်နက်ရှိုင်းရှိုင်းအယူဝါဒဆီ မရောက်သေးဘဲ မတရားမှုကို ဆန့်ကျင်မယ့် ကျောင်းသားစသဖြင့်  ကျောင်းသားတွေလည်း ရှိမှာပဲ။  အဓိက က သူတို့ရဲ့ လားရာတွေ ဆောင်ရွက်မှုတွေကို နိုင်ငံရေးအရ ဘယ်လိုဖြေရှင်းမလဲဆိုတာပဲ အရေး ကြီးတယ်။ တံဆိပ်ကပ်စွပ်စွဲတာ အဖြေမထွက်ပါဘူး’’  ဦးကိုကိုကြီးက ပြောသည်။  
ကျောင်းသားလှုပ်ရှားမှုနှင့် သမဂ္ဂ ပြန်လည်ဖြစ်တည်ခွင့်ကို အစိုးရက ကြောက်သည့် အကြောင်းရင်းမှာ တစ်ခုတည်းပင်ရှိကြောင်း ကျောင်းသားခေါင်း ဆောင်ကြီး ဦးလှရွှေက ယခုကဲ့သို့စိတ်အားထက်သန်စွာ ပြော သည်။
‘‘အဓိကကတော့ တို့နောက် မှာ လူထုရှိတယ်။ အခု လက်ပံတန်းကိုကြည့်ပါလား။ ခေတ် အဆက်ဆက်မှာကို လူထုက ကိုယ့်နောက်မှ ရှိတယ်။ သူတို့ အဲဒါကိုကြောက်တာပဲ’’







ဗိုလ်ချုပ်ကြီးနေ၀င်း
‘‘အလုပ်ပျက်အောင်ရည်စူးပြီး တမင်လုပ်နေကြတယ်ဆိုရင် တော့ ကျွန်တော် နောက်ထပ် ဘာမှမပြောလိုဘူး။ အနည်းဆုံး ဓားကိုဓားချင်း၊ လှံကိုလှံချင်း ရင်ဆိုင်ဖို့သာရှိပါတော့တယ်’’
(ဇူလိုင် ၈ ရက် ည ၇ နာရီတွင် မြန်မာ့အသံမှတစ်ဆင့် တိုင်းပြည်သို့ပြောကြားသော မိန့်ခွန်းမှ)
ဦးသာဘန်း
(ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်)
‘‘မိုင်းပြားတွေ၊ မိုင်းဗုံးတွေကပ်ပြီး ဇူလိုင် ၈ ရက် နံနက်  ၅ နာရီကျော်လောက်မှာ သမဂ္ဂအဆောက်အအုံကို မိုင်းခွဲပြီးဖြိုလိုက်တာပဲ။ အဲဒီလိုဖြိုလိုက်တာကို ရန်ကုန်တစ်မြို့လုံး သိမ့်သိမ့်တုန်အောင်ကြားကြရတာပဲ။ အသံလည်း ကြားရတယ်။ မြေထုကလည်း ငလျင်လှုပ်သလို သိမ့်သိမ့်တုန်သွားတယ်။ အဲဒီလိုအဖြစ်မျိုးက ဒုတိယကမ္ဘာစစ်တုန်းကတောင် မဖြစ်ဖူးဘူးလို့ ဒုတိယကမ္ဘာစစ် ကိုမီတဲ့သူတွေက ပြောကြတယ်’’
(ဆဲဗင်းဇူလိုင် (၄၆)နှစ်ပြည့်တွင်  ပြောကြားခဲ့သည့်စကား)
ဦးမင်းကိုနိုင်
‘‘သမိုင်းတန်ဖိုးအရ အင်မ တန်အဖိုးတန်လှတဲ့ ကျောင်သားသမဂ္ဂအဆောက်အအုံ၊ ဒါဟာ လွတ်လပ်ရေးကြိုးပမ်းမှုမှာ အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍ က ပါခဲ့တာပါ။ ဒါကို ဖြိုချဖျက်ဆီး ပစ်လိုက်နိုင်ပေမယ့် လက်ဆင့်ကမ်းသယ်ဆောင်လာတဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဖော်ဆောင်လာတဲ့ ကျောင်းသားသမဂ္ဂစိတ်ဓာတ်ကိုတော့ ဖျောက်ဖျက်လို့ ဒီနေ့အထိ မရနိုင်သေးပါ ဘူး’’                                 (ဆဲဗင်းဇူလိုင် ရွှေရတုအခမ်းအနားတွင် ပြောကြားခဲ့သည့်စကား)
ဗိုလ်ချုပ်အောင်ကြီး
‘‘သမဂ္ဂမှာ ကျောင်းသားတွေက လက်နက်ကိုင်တဲ့ လူတွေရှိတယ်။လူနာတွေဆွဲပြီး တံခါးတွေ ပိတ်သွားတယ်။ ဘာညာဆိုတော့ ညနေစောင်းမှာ ဥက္ကဋ္ဌကြီး (ဗိုလ်ချုပ်နေ၀င်း)က ပြည်ထဲရေးဝန် ကြီးကို တကယ်လို့ ညမိုးချုပ်သွားရင် အဲဒီအပေါ်က ပစ်လား၊ ခတ်လားလုပ်ရင် တို့လူတွေသေမယ်။ အဲဒီတော့ အသေမခံနဲ့။ ရကွိုင်းလက်စ်ဂန်းနဲ့ သမဂ္ဂကို ပစ်ခိုင်းလိုက်တာ’’
(၁၉၈၈ ဇူလိုင် ၈ ရက် VOA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည့်စကား)
ကိုကျော်ကိုကို
(ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ)
‘‘သမဂ္ဂကို တရားမ၀င် အသင်းအဖွဲ့တစ်ခုအဖြစ် အသရေဖျက်ပြီး ဖျက်သိမ်းပစ်ရန် ကြိုးပမ်းနေမှုများကို တွေ့ရှိနေရပါတယ်။ ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်အား စစ်အာဏာရှင်တွေရက်စက်ကြမ်းကြုတ်ပရိယာယ်နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်ခံခဲ့ရတဲ့ ဆဲဗင်းဇူလိုင်နေ့ကို လေးစားထိုက်တန်စွာ ဂုဏ်ပြုဖို့ အားထုတ်ခဲ့ကြပါတယ်’’(ဆဲဗင်းဇူလိုင်ရွှေရတုနေ့အခမ်းအနားတွင် ပြောကြားခဲ့သည့်စကား)


(၁၃)နှစ်ကြာပြီးမှ No.1 တေးသီချင်းမူပိုင်ခရတဲ့ ကင်ယောင်အာ


 တောင်ကိုရီးယားအဆိုတော်ဘိုအာ၏ နာမည်ကျော် သီချင်းတစ်ပုဒ်ဖြစ်သော No.1ကိုရေးစပ်သီကုံးခဲ့သည့် တေးရေးဆရာမကင်ယောင်အာသည် (၁၃) နှစ်ကြာမှ ယင်းသီချင်းမူပိုင်ခကိုရရှိခဲ့သည်။
ကင်ယောင်အာနှင့် UniversalMusic Korea ကုမ္ပဏီတို့ အမှုတွင် ကင်ယာအာက၎င်းသည် No.1 သီချင်း၏တေးရေးဆရာဖြစ်ခြင်းကို အတည်ပြုရန် ၂၀၁၂ တွင် Universal Music Korea ကုမ္ပဏီကို တရားစွဲခဲ့၍တောင် ကိုရီးယားနိုင်ငံတော် တရားရုံးချုပ်က ဇူလိုင် ၆ရက်တွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ ကင်ယောင်အာသည် No.1 တေး သီချင်းကို ၂၀၀၂တွင်ရေးစပ်ပေးခဲ့ခြင်းဖြစ်သည်။
တရားရုံးချုပ်ဆုံးဖြတ်ချက်အရ ကင်ယောင်အာသည် No.1 သီချင်းမူပိုင်ခအဖြစ် ကိုရီးယား ဝမ် ၄၅ သန်း (ကန်ဒေါ်လာ ၄၀,၀၀၀ခန့်)နှင့် မူပိုင်ခပြဿနာကြောင့် စိတ်ပိုင်းဆိုင်ရာ နစ်နာကြေးအဖြစ် ကိုရီးယားဝမ် ငါးသန်း (ကန်ဒေါ်လာ ၄,၄၀၀)ခန့် ရရှိမည်ဖြစ်သည်။
ယင်းတေးသီချင်းကို နော်ဝေးတေးရေးဆရာဂစ်ဂီက ရေးစပ်သီကုံးသည်ဟု Universal Music Korea ကုမ္ပဏီက ကိုရီးယားတေးဂီတ မူပိုင်ခွင့်အဖွဲ့သို့ စာရင်းတင်ခဲ့ပြီးနောက်ပိုင်း ကင်ယောင်အာက တရားစွဲလိုက်ခြင်းဖြစ်သည်။
၂၀၀၂ ဧပြီ ၁၄ ရက်တွင်ထွက်ရှိသော ဘိုအာ၏ ယင်းတေးအယ်လ်ဘမ်၌ ထိုသီချင်းအပါအဝင် တေးသီချင်း ၁၆ ပုဒ် ပါဝင်ခဲ့သည်။   
Ref: Soompi

သမိုင်းရာဇဝတ်မှုကြီး (သို့မဟုတ်) ဆဲဗင်းဇူလိုင်

ဆဲဗင်းဇူလိုင်သည် မြန်မာ နိုင်ငံ    သမိုင်းတွင်ကျောင်းသားထုကို အရက်စက်ဆုံး၊ အကြမ်းတမ်းဆုံး၊ အပြင်းထန်ဆုံးဖိနှိပ် နှိပ်ကွပ်ခဲ့သော သမိုင်းဆိုင်ရာအထောက်အထား တစ်ခုပင်ဖြစ်သည်။ ဆဲဗင်းဇူလိုင်နှင့်အတူ ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည်။ သမိုင်းရာဇဝတ်မှုကြီးကို ကျူးလွန်ခဲ့ကြသည်။ ယနေ့ကာလအထိကျူးလွန်သူများကို အရေးယူနိုင်ခြင်းမရှိသည့်အပြင် ဖြစ်ရပ်မှန်များကို စုံစမ်းစစ်ဆေးနိုင်ခြင်း မရှိသည်မှာ ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်သည်။
 ကျောင်းသား သမဂ္ဂများ သည် ကံ့ကော်ရင်ပြင်တွင် ဒေါင်းအလံကိုလွှင့်လျက် ၁၉၆၂ မတ်လ၂ ရက် စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင် ကန့်ကွက်ခဲ့သည်။ လွတ်လပ်ရေး ဗိသုကာကြီး၊ အမျိုးသားခေါင်းဆောင်ကြီး၊ တပ်မတော်ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပါဝင်ရေးဆွဲခဲ့သော ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပခဲ့သည့် ပါလီမန်ရွေးကောက်ပွဲများတွင် တိုင်းရင်းသားပြည်သူလူထုအများစု၏ဆန္ဒနှင့် အညီ ရွေးကောက်တင်မြှောက်ထားသည့်လွှတ်တော်များနှင့် အစိုးရကိုလက်နက်အားကိုးဖြင့် အဓမ္မဖြုတ်ချပြီး အာဏာသိမ်းယူခဲ့ခြင်းသည် သမိုင်း ရာဇဝတ်မှုကြီးကို  ကျူးလွန်ခြင်းအဖြစ် ကျောင်းသား သမဂ္ဂများက ရဲရဲဝံ့ဝံ့ကန့်ကွက်ရှုတ်ချခဲ့သည်။ တိုင်းရင်းသား ပြည်သူလူထု၏ လက်ထဲမှ အာဏာကိုလုယူခဲ့သည့် နိုင်ငံရေး လုယက်မှုကြီးအဖြစ် တံဆိပ်ကပ်ခဲ့ကြသည်။ ဒီမိုကရေစီနိုင်ငံရေးကို ဖျက်ဆီးခဲ့သော သမိုင်းဆိုင်ရာ ကျူးလွန်မှုကြီးအဖြစ် သတ်မှတ်ခဲ့ကြသည်။
အာဏာသိမ်းတော်လှန်ရေး ကောင်စီအစိုးရသည် ကျောင်း သားသမဂ္ဂခေါင်းဆောင်များနှင့် ကျောင်းသားတက်ကြွသူများကို ကွန်မြူနစ်များအဖြစ် တန်ပြန် တံဆိပ်ကပ်ခဲ့သည့်အပြင် ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကိုပင်  မြေပေါ် ကွန်မြူနစ်ဌာနချုပ်အဖြစ် ဝါဒဖြန့်ချိခဲ့ကြသည်။ တက္ကသိုလ် ကျောင်းသားများသည် နိုင်ငံရေးအရ  လွတ်လပ်စွာ လေ့လာယုံကြည်သူများဖြစ်သည့်အားလျော်စွာလက်ဝဲ၊  လက်ယာ နိုင်ငံရေး အသွေးအရောင်အမျိုးမျိုးရှိနိုင်သည်မှာ ငြင်းမရသောအချက်ပင် ဖြစ်သည်။ သို့ဖြစ်၍ ကျောင်းသား လှုပ်ရှားမှုများကို ဗမာပြည်ကွန် မြူနစ်ပါတီ (ဗကပ)၏ လက်ကိုင်တုတ်၊ မြေပေါ်နိုင်ငံရေးခံကတုတ်အဖြစ် တစ်ဖက်သတ်စွပ်စွဲ သတ်မှတ်ခြင်းသည် ကြောင်းကျိုး ကင်းလွတ်လွန်းသည်ဟုဆိုနိုင်သည်။
ကျောင်းသားသမဂ္ဂများသည်ကျောင်းသားလွှတ်တော်များ ဖြစ်သည့် အားလျော်စွာ ကျောင်းသားသမဂ္ဂများသည် ဒီမိုကရေစီစံချိန်စံညွှန်းများဖြစ်သည့် ရွေးကောက်ပွဲ၊ မဲဆွယ်စည်းရုံးရေး၊ ဒီမိုကရေစီနည်းကျ မဲခွဲဆုံးဖြတ်ရေးတို့ကို လေ့ကျင့်ပျိုးထောင်နိုင်မည့်  နိုင်ငံရေးစင်မြင့်များဖြစ်သည့် အားလျော်စွာ အာဏာရပါတီများနှင့် အတိုက်အခံပါတီများ၏ နိုင်ငံရေးဝိညာဉ်များပူးကပ် နေတတ်သည်မှာ အထူးအဆန်း မဟုတ်ပေ။ ကျောင်းသားလွှတ် တော်များသည်ဒီမိုကရက်တစ် လွှတ်တော်များ၏ ရှေ့ပြေး အခင်းအကျင်းဖြစ်သည့် အပြင် ပြည်သူလူထုကိုမျက်နှာမူသည့် နိုင်ငံရေး၏ ကနဦးကျင့်စဉ်လည်းဖြစ်သည့်အတွက် မတူကွဲပြားခြားနားသော၊ အသွေးအရောင်စုံသော နိုင်ငံရေး သဘောသဘာဝများကိုလက်ခံရ မည်သာဖြစ်သည်။
 ဆဲဗင်းဇူလိုင်လူသတ်ပွဲ အလွန်  ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းသည် သမိုင်းရာဇဝတ်မှုကြီးကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့ခြင်းပင်ဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်ကိုလိုနီအစိုးရ များခေတ်၊သူ့ကျွန်ဘဝတွင် တည်ဆောက်ခဲ့ပြီး တိုင်းတစ်ပါးသား နယ်ချဲ့ အစိုးရများလက်အောက် ဘေးမသီရန်မခ ရပ်တည်နိုင်ခဲ့သောကျောင်းသားလွှတ်တော်ကြီးသည် လွတ်လပ်ပြီးခေတ်တွင် ဒိုင်းနမိုက်စာမိလျက် ဖြိုချဖျက်ဆီးခံခဲ့ရသည်မှာ သမိုင်းနှင့်ချီ၍ ကြေကွဲဝမ်းနည်း ထိတ်လန့်ဖွယ်အိပ်မက် ဆိုးကြီး သမိုင်းရာဇဝတ်မှုကြီး ပင်ဖြစ်သည်။ ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီး ဖြိုဖျက်ခံခဲ့ရ ခြင်းနှင့် ပတ်သက်၍ ၁၉၆၂ ဇူလိုင်၇ ရက် နှင့် ဇူလိုင် ၈ ရက် ကာလဗိုလ်ချုပ်ကြီး နေဝင်းခေါင်းဆောင်သော တော်လှန်ရေး ကောင်စီအစိုးရ၌ ပါဝင်သည့် အစိုးရအဖွဲ့ဝင်များ အားလုံးတွင် တာဝန်ရှိမည်ဖြစ်သည်။
 ကံ့ကော်ရင်ပြင်ကို သွေးရင် ပြင်အဖြစ် ပြောင်းလဲစေခဲ့သည့် ဆဲဗင်းဇူလိုင်ဖြစ်ရပ်သည် လူသတ်မှု (သို့မဟုတ်) ရာဇဝတ်မှုပင်ဖြစ်သည်။ အဆိုပါရာဇဝတ်မှု (သို့မဟုတ်) လူသတ်မှုကို နိုင်ငံ တော်တရားရုံးတွင် မဖြစ်မနေ တရားစွဲဆိုရမည်သာဖြစ်သည်။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နှင့် ပြန်လည်သင့်မြတ်ရေးတို့တွင် တရားဥပဒေစိုးမိုးရေးသည် သော့ချက်ကျ အရေးကြီးသည့် အလျောက် ရန်ကုန်တက္ကသိုလ် ပရိဝုဏ်၌ သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခံခဲ့ရခြင်း၊ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဒဏ်ရာရခဲ့ခြင်း၊ ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂအဆောက်အအုံကို ဒိုင်း နမိုက်ဖြင့်ဖောက်ခွဲခြင်း၊ အဆိုပါ ဖောက်ခွဲဖျက်ဆီးမှုကြောင့် သေဆုံးခြင်းနှင့်ဒဏ်ရာရခြင်းတို့သည် ရာဇဝတ်မှုကြီးများကို သွေးအေး အေးနှင့်ကျူးလွန်ခဲ့ခြင်းပင်ဖြစ် သည်။
မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ တစ်လျှောက် အသက်သွေးချွေး တို့ကိုရင်းလျက် ရှေ့တန်းမှ မား မားမတ်မတ်ရပ်တည်တိုက်ပွဲဝင် ခဲ့ကြသည့် သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်နု၊ သခင် လှဖေအပါအဝင် ခေါင်းဆောင် များကို နိုင်ငံရေးအရ လူလား မြောက်စေခဲ့သည့် ကျောင်းသား သမဂ္ဂများ၏ သန္ဓေတည်ရာ ကျောင်းသား သမဂ္ဂအဆောက် အအုံကြီးကို ဖောက်ခွဲဖျက်ဆီးခဲ့ ခြင်းသည် ဗိုလ်ချုပ်အောင်ဆန်း နှင့် ခေါင်းဆောင်ကြီးများ၏ နိုင်ငံရေးကို  မထီမဲ့မြင်ပြုခြင်း၊တိုင်းပြည်နှင့်ပြည်လူထုကို သစ္စာဖောက်ခြင်း၊နိုင်ငံရေးသမိုင်းကို  အိုးမဲသုတ်ခြင်းပင်ဖြစ်သည်။
 သို့သော် ဆဲဗင်းဇူလိုင်၊ ကျောင်းသားသမဂ္ဂ၊ သမဂ္ဂစိတ် ဓာတ်၊ ကျောင်းသားစိတ်ဓာတ်တို့ သည် နှစ်ပေါင်းငါးဆယ်ကျော် သည့်တိုင် မယိုင်မလဲ အားကောင်းမောင်းသန်ဆဲဖြစ်သည်။ ဗိုလ်ချုပ် ကြီးနေဝင်းနှင့်အာဏာသိမ်းစစ် အစိုးရသည် တက္ကသိုလ်ကျောင်း သားသမဂ္ဂအဆောက်အအုံကို ဖြိုခွဲဖျက်ဆီးနိုင်ခဲ့သော်လည်း၊ ဆဲဗင်းဇူလိုင်တွင် ကမ်းကုန်ရက် စက်လျက် လူသတ်ပွဲကြီးဆင်နွှဲ နိုင်ခဲ့သော်လည်း သမဂ္ဂစိတ်ဓာတ် နှင့် သမဂ္ဂလှုပ်ရှားမှုများသည် ပျောက်ဆုံး ပျက်စီးမသွားသည့်အပြင်ပို၍ပို၍ ရှေ့တန်းရောက်လာခဲ့သည်။ ယနေ့တိုင် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပညာရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအုတ်မြစ်များပေါ်တွင် ကျောင်းသားသမဂ္ဂများသည် ခိုင်ခိုင်မြဲမြဲ ရပ်တည်နေဆဲဖြစ် သည်။
အစိုးရအဆက်ဆက်တို့၏ ကျောင်းသားထုနှင့် ကျောင်းသား သမဂ္ဂများအပေါ် သဘောထား သည် မပြောင်းမလဲ အဟောင်းထဲ မှာပင် တဝဲလည်လည်ရှိနေဆဲဖြစ် ကြောင်း အမျိုးသားပညာရေး သပိတ်စစ်ကြောင်းကို လက်ပံ တန်းမြို့တွင် အကြမ်းဖက်ဖြိုခွဲခဲ့ ခြင်း၊ ခေါင်းဆောင်များနှင့်ဝန်းရံ သူများကို ဖမ်းဆီးတရားစွဲဆိုထား ခြင်း၊ ကျောင်းသားခေါင်းဆောင် များကို ဆက်လက်ဖမ်းဆီးရန် အားထုတ်နေခြင်း၊  အမျိုးသား ပညာရေးဥပဒေပြင်ဆင်သည့် ဥပဒေတွင်  ကျောင်းသားသမဂ္ဂ များ၏အခန်းကဏ္ဍကို အကွက် ကျကျဖယ်ရှားခဲ့ခြင်းတို့က သက် သေခံလျက်ရှိသည်။ အမျိုးသား ပညာရေးဥပဒေပြင်ဆင်သည့် ဥပဒေတွင် ကျောင်းသားသမဂ္ဂ များကို တစ်လုံးတစ်ပါဒမကျန် ကျူပင်ခုတ်ကျူငုတ်မကျန် ဖယ် ရှားရှင်းလင်းရာ၌ အတိုက်အခံ နိုင်ငံရေးပါတီကြီးအနေဖြင့် ဓား ခုတ်ရာလက်ဝင်လျှိုနေခြင်းက လည်း နိုင်ငံရေးအရ ရုပ်ပျက် ဆင်းပျက်နိုင်လွန်းသည်ဟု သုံးသပ်နိုင်သည်။
အမျိုးသားပညာရေးဥပဒေ၊ အမျိုးသားပညာရေးဥပဒေပြင် ဆင်သည့် ဥပဒေပါပြဋ္ဌာန်းချက် များနှင့်အညီ သမိုင်းအစဉ်အလာ ကြီးမားသော အသက်၊ သွေး၊ ချွေးပေါင်းများစွာ ရင်းနှီးကျား ကန်နေရသော ကျောင်းသား သမဂ္ဂများ၏အခန်းကဏ္ဍကို လက်စဖျောက်ရန်၊ အဆုံးသတ်ရန်၊ ဖယ်ရှားရန် ဗျူဟာမြောက် အကွက်ဆင်လျက် ဆောင်ရွက်နေသည့် အခင်းအကျင်းတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပါဝင်ပတ်သက်နေသူများ အားလုံးသည်အနာဂတ်သမိုင်း စာမျက်နှာများတွင် သားစဉ်မြေးဆက်ငြင်းချက်၊ ရှင်းချက်များ ထုတ်ရမည်သာဖြစ်သည်။ လွန်ခဲ့သောလပိုင်းများကာလ လွှတ်တော်အခင်းအကျင်းများတွင် ကျောင်းသားသမဂ္ဂများနှင့်ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်မှုများကို လေ့လာသုံးသပ်ရသောအခါ ဆဲဗင်းဇူလိုင်အလွန် ကျောင်းသား သမ္ဂအဆောက်အအုံကို ဒိုင်းနမိုက်နှင့်ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်းဖြင့်မခြားနားသော ခံစားမှုများကို ရရှိခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကျောင်းသားသမဂ္ဂများနှင့် ဒေါင်း အလံတို့သည် ဒိုင်းနမိုက်ကိုသာ မက လွှတ်တော်များနှင့် ဥပဒေ များကိုပါ ကြံ့ကြံ့ခိုင်ကျော်ဖြတ် ရင်း ပြည်သူကိုမျက်နှာမူလျက် ဆက်လက်တိုက်ပွဲဝင်နေဦးမည် မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ် ပါသည်။ ။

Friday, June 19, 2015

ဟယ်လို. နေကောင်းပါစ

link text

title

bold

italic

underline

bold, italic and underline

cross line


color red

  • bullet
  • bullet
  1. numbered list
  2. numbered list