ဆဲဗင်းဇူလိုင်သည် မြန်မာ နိုင်ငံ သမိုင်းတွင်ကျောင်းသားထုကို
အရက်စက်ဆုံး၊ အကြမ်းတမ်းဆုံး၊ အပြင်းထန်ဆုံးဖိနှိပ် နှိပ်ကွပ်ခဲ့သော
သမိုင်းဆိုင်ရာအထောက်အထား တစ်ခုပင်ဖြစ်သည်။ ဆဲဗင်းဇူလိုင်နှင့်အတူ
ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်ဖြင့်
ဖောက်ခွဲဖျက်ဆီးခဲ့သည်။ သမိုင်းရာဇဝတ်မှုကြီးကို ကျူးလွန်ခဲ့ကြသည်။
ယနေ့ကာလအထိကျူးလွန်သူများကို အရေးယူနိုင်ခြင်းမရှိသည့်အပြင်
ဖြစ်ရပ်မှန်များကို စုံစမ်းစစ်ဆေးနိုင်ခြင်း မရှိသည်မှာ
ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်သည်။
ကျောင်းသား သမဂ္ဂများ သည် ကံ့ကော်ရင်ပြင်တွင် ဒေါင်းအလံကိုလွှင့်လျက် ၁၉၆၂
မတ်လ၂ ရက် စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင် ကန့်ကွက်ခဲ့သည်။
လွတ်လပ်ရေး ဗိသုကာကြီး၊ အမျိုးသားခေါင်းဆောင်ကြီး၊
တပ်မတော်ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပါဝင်ရေးဆွဲခဲ့သော ၁၉၄၇
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပခဲ့သည့် ပါလီမန်ရွေးကောက်ပွဲများတွင်
တိုင်းရင်းသားပြည်သူလူထုအများစု၏ဆန္ဒနှင့် အညီ
ရွေးကောက်တင်မြှောက်ထားသည့်လွှတ်တော်များနှင့် အစိုးရကိုလက်နက်အားကိုးဖြင့်
အဓမ္မဖြုတ်ချပြီး အာဏာသိမ်းယူခဲ့ခြင်းသည် သမိုင်း ရာဇဝတ်မှုကြီးကို
ကျူးလွန်ခြင်းအဖြစ် ကျောင်းသား သမဂ္ဂများက ရဲရဲဝံ့ဝံ့ကန့်ကွက်ရှုတ်ချခဲ့သည်။
တိုင်းရင်းသား ပြည်သူလူထု၏ လက်ထဲမှ အာဏာကိုလုယူခဲ့သည့် နိုင်ငံရေး
လုယက်မှုကြီးအဖြစ် တံဆိပ်ကပ်ခဲ့ကြသည်။ ဒီမိုကရေစီနိုင်ငံရေးကို
ဖျက်ဆီးခဲ့သော သမိုင်းဆိုင်ရာ ကျူးလွန်မှုကြီးအဖြစ် သတ်မှတ်ခဲ့ကြသည်။
အာဏာသိမ်းတော်လှန်ရေး
ကောင်စီအစိုးရသည် ကျောင်း သားသမဂ္ဂခေါင်းဆောင်များနှင့်
ကျောင်းသားတက်ကြွသူများကို ကွန်မြူနစ်များအဖြစ် တန်ပြန်
တံဆိပ်ကပ်ခဲ့သည့်အပြင် ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ
အဆောက်အအုံကြီးကိုပင် မြေပေါ် ကွန်မြူနစ်ဌာနချုပ်အဖြစ်
ဝါဒဖြန့်ချိခဲ့ကြသည်။ တက္ကသိုလ် ကျောင်းသားများသည် နိုင်ငံရေးအရ လွတ်လပ်စွာ
လေ့လာယုံကြည်သူများဖြစ်သည့်အားလျော်စွာလက်ဝဲ၊ လက်ယာ နိုင်ငံရေး
အသွေးအရောင်အမျိုးမျိုးရှိနိုင်သည်မှာ ငြင်းမရသောအချက်ပင် ဖြစ်သည်။
သို့ဖြစ်၍ ကျောင်းသား လှုပ်ရှားမှုများကို ဗမာပြည်ကွန် မြူနစ်ပါတီ (ဗကပ)၏
လက်ကိုင်တုတ်၊ မြေပေါ်နိုင်ငံရေးခံကတုတ်အဖြစ် တစ်ဖက်သတ်စွပ်စွဲ
သတ်မှတ်ခြင်းသည် ကြောင်းကျိုး ကင်းလွတ်လွန်းသည်ဟုဆိုနိုင်သည်။
ကျောင်းသားသမဂ္ဂများသည်ကျောင်းသားလွှတ်တော်များ ဖြစ်သည့် အားလျော်စွာ
ကျောင်းသားသမဂ္ဂများသည် ဒီမိုကရေစီစံချိန်စံညွှန်းများဖြစ်သည့် ရွေးကောက်ပွဲ၊
မဲဆွယ်စည်းရုံးရေး၊ ဒီမိုကရေစီနည်းကျ မဲခွဲဆုံးဖြတ်ရေးတို့ကို
လေ့ကျင့်ပျိုးထောင်နိုင်မည့် နိုင်ငံရေးစင်မြင့်များဖြစ်သည့် အားလျော်စွာ
အာဏာရပါတီများနှင့် အတိုက်အခံပါတီများ၏ နိုင်ငံရေးဝိညာဉ်များပူးကပ်
နေတတ်သည်မှာ အထူးအဆန်း မဟုတ်ပေ။ ကျောင်းသားလွှတ် တော်များသည်ဒီမိုကရက်တစ်
လွှတ်တော်များ၏ ရှေ့ပြေး အခင်းအကျင်းဖြစ်သည့် အပြင်
ပြည်သူလူထုကိုမျက်နှာမူသည့် နိုင်ငံရေး၏ ကနဦးကျင့်စဉ်လည်းဖြစ်သည့်အတွက်
မတူကွဲပြားခြားနားသော၊ အသွေးအရောင်စုံသော နိုင်ငံရေး သဘောသဘာဝများကိုလက်ခံရ
မည်သာဖြစ်သည်။
ဆဲဗင်းဇူလိုင်လူသတ်ပွဲ အလွန်
ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်ဖြင့်
ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းသည် သမိုင်းရာဇဝတ်မှုကြီးကို ပြောင်ပြောင်တင်းတင်း
ကျူးလွန်ခဲ့ခြင်းပင်ဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်ကိုလိုနီအစိုးရ
များခေတ်၊သူ့ကျွန်ဘဝတွင် တည်ဆောက်ခဲ့ပြီး တိုင်းတစ်ပါးသား နယ်ချဲ့
အစိုးရများလက်အောက် ဘေးမသီရန်မခ
ရပ်တည်နိုင်ခဲ့သောကျောင်းသားလွှတ်တော်ကြီးသည် လွတ်လပ်ပြီးခေတ်တွင်
ဒိုင်းနမိုက်စာမိလျက် ဖြိုချဖျက်ဆီးခံခဲ့ရသည်မှာ သမိုင်းနှင့်ချီ၍
ကြေကွဲဝမ်းနည်း ထိတ်လန့်ဖွယ်အိပ်မက် ဆိုးကြီး သမိုင်းရာဇဝတ်မှုကြီး
ပင်ဖြစ်သည်။ ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီး ဖြိုဖျက်ခံခဲ့ရ ခြင်းနှင့်
ပတ်သက်၍ ၁၉၆၂ ဇူလိုင်၇ ရက် နှင့် ဇူလိုင် ၈ ရက် ကာလဗိုလ်ချုပ်ကြီး
နေဝင်းခေါင်းဆောင်သော တော်လှန်ရေး ကောင်စီအစိုးရ၌ ပါဝင်သည့်
အစိုးရအဖွဲ့ဝင်များ အားလုံးတွင် တာဝန်ရှိမည်ဖြစ်သည်။
ကံ့ကော်ရင်ပြင်ကို သွေးရင်
ပြင်အဖြစ် ပြောင်းလဲစေခဲ့သည့် ဆဲဗင်းဇူလိုင်ဖြစ်ရပ်သည် လူသတ်မှု (သို့မဟုတ်)
ရာဇဝတ်မှုပင်ဖြစ်သည်။ အဆိုပါရာဇဝတ်မှု (သို့မဟုတ်) လူသတ်မှုကို နိုင်ငံ
တော်တရားရုံးတွင် မဖြစ်မနေ တရားစွဲဆိုရမည်သာဖြစ်သည်။ ဒီမိုကရေစီရေး၊
လူ့အခွင့်အရေး နှင့် ပြန်လည်သင့်မြတ်ရေးတို့တွင် တရားဥပဒေစိုးမိုးရေးသည်
သော့ချက်ကျ အရေးကြီးသည့် အလျောက် ရန်ကုန်တက္ကသိုလ် ပရိဝုဏ်၌
သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခံခဲ့ရခြင်း၊ သေနတ်ဖြင့် ပစ်ခတ်သဖြင့်
ဒဏ်ရာရခဲ့ခြင်း၊ ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂအဆောက်အအုံကို ဒိုင်း
နမိုက်ဖြင့်ဖောက်ခွဲခြင်း၊ အဆိုပါ ဖောက်ခွဲဖျက်ဆီးမှုကြောင့်
သေဆုံးခြင်းနှင့်ဒဏ်ရာရခြင်းတို့သည် ရာဇဝတ်မှုကြီးများကို သွေးအေး
အေးနှင့်ကျူးလွန်ခဲ့ခြင်းပင်ဖြစ် သည်။
မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ
တစ်လျှောက် အသက်သွေးချွေး တို့ကိုရင်းလျက် ရှေ့တန်းမှ မား
မားမတ်မတ်ရပ်တည်တိုက်ပွဲဝင် ခဲ့ကြသည့် သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်နု၊
သခင် လှဖေအပါအဝင် ခေါင်းဆောင် များကို နိုင်ငံရေးအရ လူလား မြောက်စေခဲ့သည့်
ကျောင်းသား သမဂ္ဂများ၏ သန္ဓေတည်ရာ ကျောင်းသား သမဂ္ဂအဆောက် အအုံကြီးကို
ဖောက်ခွဲဖျက်ဆီးခဲ့ ခြင်းသည် ဗိုလ်ချုပ်အောင်ဆန်း နှင့်
ခေါင်းဆောင်ကြီးများ၏ နိုင်ငံရေးကို
မထီမဲ့မြင်ပြုခြင်း၊တိုင်းပြည်နှင့်ပြည်လူထုကို
သစ္စာဖောက်ခြင်း၊နိုင်ငံရေးသမိုင်းကို အိုးမဲသုတ်ခြင်းပင်ဖြစ်သည်။
သို့သော် ဆဲဗင်းဇူလိုင်၊
ကျောင်းသားသမဂ္ဂ၊ သမဂ္ဂစိတ် ဓာတ်၊ ကျောင်းသားစိတ်ဓာတ်တို့ သည်
နှစ်ပေါင်းငါးဆယ်ကျော် သည့်တိုင် မယိုင်မလဲ အားကောင်းမောင်းသန်ဆဲဖြစ်သည်။
ဗိုလ်ချုပ် ကြီးနေဝင်းနှင့်အာဏာသိမ်းစစ် အစိုးရသည် တက္ကသိုလ်ကျောင်း
သားသမဂ္ဂအဆောက်အအုံကို ဖြိုခွဲဖျက်ဆီးနိုင်ခဲ့သော်လည်း၊ ဆဲဗင်းဇူလိုင်တွင်
ကမ်းကုန်ရက် စက်လျက် လူသတ်ပွဲကြီးဆင်နွှဲ နိုင်ခဲ့သော်လည်း သမဂ္ဂစိတ်ဓာတ်
နှင့် သမဂ္ဂလှုပ်ရှားမှုများသည် ပျောက်ဆုံး ပျက်စီးမသွားသည့်အပြင်ပို၍ပို၍
ရှေ့တန်းရောက်လာခဲ့သည်။ ယနေ့တိုင် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊
အမျိုးသားပညာရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအုတ်မြစ်များပေါ်တွင်
ကျောင်းသားသမဂ္ဂများသည် ခိုင်ခိုင်မြဲမြဲ ရပ်တည်နေဆဲဖြစ် သည်။
အစိုးရအဆက်ဆက်တို့၏
ကျောင်းသားထုနှင့် ကျောင်းသား သမဂ္ဂများအပေါ် သဘောထား သည် မပြောင်းမလဲ
အဟောင်းထဲ မှာပင် တဝဲလည်လည်ရှိနေဆဲဖြစ် ကြောင်း အမျိုးသားပညာရေး
သပိတ်စစ်ကြောင်းကို လက်ပံ တန်းမြို့တွင် အကြမ်းဖက်ဖြိုခွဲခဲ့ ခြင်း၊
ခေါင်းဆောင်များနှင့်ဝန်းရံ သူများကို ဖမ်းဆီးတရားစွဲဆိုထား ခြင်း၊
ကျောင်းသားခေါင်းဆောင် များကို ဆက်လက်ဖမ်းဆီးရန် အားထုတ်နေခြင်း၊
အမျိုးသား ပညာရေးဥပဒေပြင်ဆင်သည့် ဥပဒေတွင် ကျောင်းသားသမဂ္ဂ များ၏အခန်းကဏ္ဍကို
အကွက် ကျကျဖယ်ရှားခဲ့ခြင်းတို့က သက် သေခံလျက်ရှိသည်။ အမျိုးသား
ပညာရေးဥပဒေပြင်ဆင်သည့် ဥပဒေတွင် ကျောင်းသားသမဂ္ဂ များကို တစ်လုံးတစ်ပါဒမကျန်
ကျူပင်ခုတ်ကျူငုတ်မကျန် ဖယ် ရှားရှင်းလင်းရာ၌ အတိုက်အခံ
နိုင်ငံရေးပါတီကြီးအနေဖြင့် ဓား ခုတ်ရာလက်ဝင်လျှိုနေခြင်းက လည်း
နိုင်ငံရေးအရ ရုပ်ပျက် ဆင်းပျက်နိုင်လွန်းသည်ဟု သုံးသပ်နိုင်သည်။
အမျိုးသားပညာရေးဥပဒေ၊
အမျိုးသားပညာရေးဥပဒေပြင် ဆင်သည့် ဥပဒေပါပြဋ္ဌာန်းချက် များနှင့်အညီ
သမိုင်းအစဉ်အလာ ကြီးမားသော အသက်၊ သွေး၊ ချွေးပေါင်းများစွာ ရင်းနှီးကျား
ကန်နေရသော ကျောင်းသား သမဂ္ဂများ၏အခန်းကဏ္ဍကို လက်စဖျောက်ရန်၊ အဆုံးသတ်ရန်၊
ဖယ်ရှားရန် ဗျူဟာမြောက် အကွက်ဆင်လျက် ဆောင်ရွက်နေသည့် အခင်းအကျင်းတွင်
တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပါဝင်ပတ်သက်နေသူများ
အားလုံးသည်အနာဂတ်သမိုင်း စာမျက်နှာများတွင် သားစဉ်မြေးဆက်ငြင်းချက်၊
ရှင်းချက်များ ထုတ်ရမည်သာဖြစ်သည်။ လွန်ခဲ့သောလပိုင်းများကာလ
လွှတ်တော်အခင်းအကျင်းများတွင် ကျောင်းသားသမဂ္ဂများနှင့်ပတ်သက်၍
ဆွေးနွေးဆုံးဖြတ်မှုများကို လေ့လာသုံးသပ်ရသောအခါ ဆဲဗင်းဇူလိုင်အလွန်
ကျောင်းသား သမ္ဂအဆောက်အအုံကို
ဒိုင်းနမိုက်နှင့်ဖောက်ခွဲဖျက်ဆီးခံခဲ့ရခြင်းဖြင့်မခြားနားသော
ခံစားမှုများကို ရရှိခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကျောင်းသားသမဂ္ဂများနှင့်
ဒေါင်း အလံတို့သည် ဒိုင်းနမိုက်ကိုသာ မက လွှတ်တော်များနှင့် ဥပဒေ များကိုပါ
ကြံ့ကြံ့ခိုင်ကျော်ဖြတ် ရင်း ပြည်သူကိုမျက်နှာမူလျက်
ဆက်လက်တိုက်ပွဲဝင်နေဦးမည် မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ် ပါသည်။ ။
No comments:
Post a Comment